အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန၏ အွန်လိုင်းဆွေးနွေးပွဲ၌ကမ္ဘာလုံးဆိုင်ရာအထည်ချုပ် လုပ်ငန်းကဏ္ဍတွင် ကျင့်သုံးသင့်သည့် အလေ့အကျင့်ကောင်းများကို ဆွေးနွေးခဲ့

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန (International Trade Centre - ITC) က ကြီးမှူး၍ “ကမ္ဘာ့အထည်အလိပ်နှင့် အဝတ်အထည်လုပ်ငန်းကဏ္ဍအတွက် အလေ့အကျင့် ကောင်းများ” အစီရင်ခံစာ ထုတ်ဝေထားမှုအပေါ် အွန်လိုင်းဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ဒီဇိုင်းနှင့်ကြိုတင်ထုတ်လုပ်မှု၊ အရည်အသွေးနှင့်ထုတ်လုပ်မှု၊ အဝတ်အထည်လုပ်ငန်းတွင်လူမှုရေးနှင့်သဘာဝပတ်ဝန်း ကျင်ဆိုင်ရာတာဝန်များကို အဓိကထားဆွေးနွေးခဲ့ပါသည်။

ဒီဇိုင်းနှင့်ကြိုတင်ထုတ်လုပ်ခြင်း

“နိုင်ငံတကာမှ ဝယ်သူများကဒီဇိုင်းဖွံ့ဖြိုးတိုးတက်မှုစွမ်းရည်ရှိသော ကုန်ပံ့ပိုးပေးသူများကို ရှာဖွေနေကြပြီး၎င်းအတွက်ပေးချေရန် ဆန္ဒရှိကြကြောင်း၊ ထုတ်လုပ်ရေးအကြိုနယ်ပယ်များ တိုးတက်ကောင်းမွန်ရေးနှင့်ပတ်သက်၍ကုမ္ပဏီတစ်ခုအတွက် အချိန်နှင့် လုပ်ငန်းအစီအမံကို မောင်းနှင်သူများက အထူးကျွမ်းကျင်သူများဖြစ်ကြကြောင်း၊ လုပ်ငန်းများ ရှေ့ဆက်တိုးတက်ရန်အတွက် အရေးကြီးကာ၊ ထုတ်လုပ်နေစဉ်အတွင်းအနှောင့်အယှက်များမရှိစေရန်သေချာစေကြောင်း” ASMARA International ၏ ယခင် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Venky Nagan က ပြောကြားခဲ့ပါသည်။

တူရကီနိုင်ငံမှ စွန့်ဦးတီထွင်လုပ်ငန်းရှင် Kaan Ersoy က အင်္ကျီပုံစံများ၏ ချွန်ထက်သော ထောင့်များကိုဝိုင်းစေခြင်းနှင့် အမှတ်အသားကြားခံများကို ဖယ်ရှားခြင်းအပါအဝင် အထည်ပုံစံရေးဆွဲခြင်းမှတစ်ဆင့် အထည်ချွေတာမှုအတွက် အခွင့်အလမ်း များအကြောင်းပြောကြားခဲ့ကာ၊ စွန့်ပစ်ပစ္စည်းလျှော့ချရေးမှာ ရေရှည်တည်တံ့ခိုင်မြဲသော ရည်မှန်းချက်များဆီသို့ အထောက်အကူ ဖြစ်စေကြောင်း  မှတ်ချက်ပြုခဲ့ပါသည်။  

ထုတ်လုပ်မှုနှင့်အရည်အသွေး

Rajesh Bheda Consultingက ဆွေးနွေးရာတွင် လည်ပတ်မှုမှချို့ယွင်းချက်တစ်စုံတစ်ရာကို နောက်လုပ်ငန်းစဉ်တစ်ခု အထိသယ်ဆောင်ခြင်းမပြုသော Zero Defect Operator ဟုခေါ်သည့် လုပ်ငန်းရှင်မျာ၏ကောင်းမွန်သော အလေ့အကျင့်များကို မျှဝေခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထိပ်တန်းအထည်ချုပ်ထုတ်လုပ်သူတစ်ဦး၏ အတွေ့အကြုံအပေါ် လေ့လာချက်ကို အခြေခံ၍ ချို့ယွင်းချက်မရှိအဆင့်အတန်း (Zero Defect Status) ရရှိအောင်မြင်သည့်အလုပ်သမားများ အားလှုံ့ဆော်သည့် လုပ်ငန်းစဉ်ကို ရှင်းလင်းပြောကြားခဲ့ကာ၊ စက်ရုံကိုလည်ပတ်ကြည့်သည့်အခါ Zero Defect အခြေအနေဖြင့် လုပ်ငန်းလည်ပတ်နေသည့် လုပ်ငန်းခွင်များမှာ တောက်ပနေကြောင်း တင်စားပြောကြားခဲ့ပါသည်။

အီသီယိုးပီးယားနိုင်ငံမှ အခြားဖြစ်ရပ်လေ့လာချက်တစ်ခုအပေါ် ပြန်လည်သုံးသပ်ခြင်းဖြင့် ပြဿနာများကို စနစ်တကျဖြေရှင်း ခြင်းနှင့်ဖြတ်ညှပ်ထားခြင်းနှင့် သင်္ဘောတင်အချိုး  (cut-to-ship ratio) ရလဒ်များတိုးတက်ကောင်းမွန်ခြင်းမှ တစ်ဆင့်ကြီးမားသော ဘဏ္ဍာရေး ကုန်ကျစရိတ် သက်သာနိုင်ပုံကိုလည်း Bhedaက ရှင်းပြခဲ့သည်။

Rajesh Bheda Consulting မှ အကြီးတန်းအတိုင်ပင်ခံ C.B. Kannan မှနည်းလမ်းလေ့လာမှုသင်တန်း (method study training)၏ အရေးပါပုံကိုဆွေးနွေးခဲ့ရာ၌Tirupur အခြေစိုက်ကုမ္ပဏီတစ်ခုမှ နည်းလမ်းလေ့လာမှုသင်တန်း (method study training) တွင် အကန့်အသတ်ရှိသည့် ရင်းနှီးမြှုပ်နှံမှုကြောင့် ကုမ္ပဏီ၏စံသတ်မှတ်ချက်များကို ပိုမိုကောင်းမွန်လာစေပြီးအလုပ်သမားများ၏ စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးနိုင်ကာ၊ နောက်ဆုံးတွင် ထုတ်လုပ်မှုလိုင်းများတွင် ထိရောက်မှု ၁၀  ရာခိုင်နှုန်းကျော် တိုးတက်လာစေခဲ့ကြောင်း သိရှိရပါသည်။

လူမှုရေးနှင့် ပတ်ဝန်းကျင်ရေရှည်တည်တံ့ရေး

နော်ဝေးနိုင်ငံ၊ Duckyမှ အကျိုးဆောင်အကြံပေး GunelieWinum ကလူမှုရေးဆိုင်ရာ ဆွေးနွေးပွဲ (social dialogue) တွင် အလေ့အကျင့်ကောင်းများကို အသားပေးဆွေးနွေးခဲ့ကာ၊ ခိုင်မာသော ဖွဲ့စည်းပုံနှင့်စက်ရုံတွင် ဒီမိုကရေစီနည်းကျရွေးချယ်တင် မြှောက်ထားသော အလုပ်သမားကိုယ်စားလှယ်များမှတစ်ဆင့် အလုပ်သမားများနှင့် ပုံမှန်အပြန်အလှန်ဆက်ဆံရေးတို့ကို အကောင်အထည်ဖော်ပါက လုပ်ငန်းစွမ်းဆောင်ရည်ညွှန်းကိန်းများ (Key performance indicators- KPIs) တိုးတက်စေရေးကို အထောက်အကူပြုကြောင်း၊ ဗီယက်နမ်မှ လေ့လာချက်တစ်ရပ်အရ အလုပ်သမားလည်ပတ်မှု (turnover of workers) ၊  ပျက်ကွက်မှုနှင့် လုပ်ငန်းခွင်မတော်တဆဖြစ်မှုများကို ၂၂ %၊ ၃၀ %နှင့် ၅၀ % အသီးသီး လျှော့ချနိုင်ကြောင်း သိရပါသည်။

ဘင်္ဂလားဒေ့ရှ်ရှိ DBL ၏ ရေရှည်တည်တံ့မှုဆိုင်ရာအကြီးအကဲ Mohammad Zahidullah က ၎င်းကုမ္ပဏီ၏ စျေးနှုန်းမျှတသော အရောင်းဆိုင်နှင့် လုပ်ငန်းခွင်ရှိမိခင်များ (mothers@work) ကဲ့သို့သော စိတ်ကြိုက်ရေးဆွဲဆောင်ရွက်ထားသည့် အစဉ်ဖွံ့ဖြိုး တိုးတက်သည့်စီမံကိန်းများမှာ ၎င်းဝန်ထမ်းများ၏ သာရေးနာရေးကို ဆောင်ရွက်ပေးနိုင်သဖြင့် ဝန်ထမ်းများနှစ်ခြိုက်သည့် အလုပ်ရှင် ဖြစ်လာစေသည်ဟု ယုံကြည်ကြောင်းနှင့်  အမျိုးသမီးများအားကြီးကြပ်ရေးရာထူးများသို့ မြှင့်တင်ပေးခြင်းနှင့် လေ့ကျင့်သင် ကြားပေးခြင်းတို့ ပြုလုပ်ပြီးနောက် ၎င်းအမျိုးသမီးကြီးကြပ်ရေးမှူးများက စီမံခန့်ခွဲသည့် ထုတ်လုပ်မှုလိုင်းများမှာ ၂.၉၈ ရာခိုင်နှုန်း ပိုမိုထိရောက်ကြောင်း မျှဝေခဲ့ပါသည်။  

အခြားတစ်ဖက်တွင်Aditya Birla Fashion and Retail Limited မှ Sustainability Officer ဖြစ်သူ Naresh Tyagi ကမိခင်ဂေဟစနစ်မှရယူထားသည် ထက်ပိုမို၍ ပြန်လည်ပေးအပ်ရန် ရည်ရွယ်သည့်၎င်း၏ ကုမ္ပဏီ၏ ReEarth လှုပ်ရှားမှုအကြောင်း ဆွေးနွေးပွဲတွင် ဝေမျှခဲ့သည်။ ၎င်း၏ကုမ္ပဏီသည် လုပ်ငန်းလည်ပတ်မှုအားလုံးမှ ထွက်ပေါ်လာသည့်ရေများကို ပြန်လည်သန့်စင် ပေးပြီး၊ “အစိမ်းရောင်အဆောက် အအုံစံနှုန်း” ဖြင့်စတုရန်းပေ၁သန်းကျော်တွင် တည်ဆောက်ထား ကာ စွန့်ပစ်ပစ္စည်းသုညနှုန်းဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ တန်ဖိုးကွင်းဆက်တစ်လျှောက် ရေရှည်တည်တံ့ခိုင်မြဲရေး စီမံကိန်းများမှာအဖွဲ့၏အဓိကကျသော အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း လည်း ထည့်သွင်းပြောကြားခဲ့ပါသည်။

ရေရှည်တည်တံ့ရေး ပဏာမခြေလှမ်းများမှာ ကုမ္ပဏီကြီးများအတွက်သာမက အသေးစားလုပ်ငန်းများအတွက်လည်း ကောင်းမွန်သော အလေ့အကျင့်များကို ချမှတ်နိုင်ခြင်း၊ စွန့်ပစ်ပစ္စည်းများ ကိုဖယ်ရှားခြင်းနှင့် လုပ်ငန်းအကျိုးအမြတ်များကို ရယူနိုင်ခြင်းတို့ ဖြစ်မည်ဖြစ်ကြောင်း ဆွေးနွေးသည့်အဖွဲ့ဝင်များအားလုံးက အလေးပေးပြောကြားခဲ့ကြပါသည်။

နိဂုံးချုပ်အနေဖြင့် Knappe မှ ITC မှာ  နောက်ထပ်လေ့လာမှုများနှင့် အလေ့အကျင့်ကောင်းများကို ဆက်လက်စုဆောင်းသွားမည် ဖြစ်ကြောင်းနှင့် ၎င်းမှာ ITC ပေါင်းကူးနေရာအသစ်ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနကကြီးမှူး၍ ကျင်းပခဲ့သည့်အွန်လိုင်းဆွေးနွေးပွဲ၌  ဆွေးနွေးခဲ့မှုများမှာ ကမ္ဘာလုံးဆိုင်ရာအထည် အလိပ်နှင့်အဝတ်အထည်ကဏ္ဍ၏ အလေ့အကျင့်ကောင်းများကို မျှဝေခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံမှ အထည်အလိပ်နှင့်အဝတ်အထည် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်းများ တိုးတက်စေရန်အတွက် လေ့လာမှတ်သားခြင်းအပြင်၊ “ကမ္ဘာ့အထည် အလိပ်နှင့် အဝတ်အထည်လုပ်ငန်းကဏ္ဍအတွက် အလေ့အကျင့်ကောင်းများ” အစီရင်ခံစာ ထုတ်ဝေထားမှုအား ရယူဖတ်ရှုခြင်းတို့ဖြင့်မိမိတို့ သက်ဆိုင်ရာလုပ်ငန်းများ၏ ဒီဇိုင်းနှင့်ကြိုတင်ထုတ်လုပ်မှု၊အရည်အသွေးနှင့်ထုတ်လုပ်မှု၊ အဝတ်အထည်လုပ်ငန်းတွင်လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာတာဝန်များကို တိုးတက်ကောင်းမွန်စေရေး ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

ရင်းမြစ်၊ https://intracen.org/news-and-events/news/good-practices-for-the-apparel-industry

အိအိဖြူ

ကုန်သွယ်ရေးဦးစီးဌာန

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန