တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု ဆွေးနွေးပွဲများတွင် ကွာဟချက် ကျဉ်းမြောင်းအောင် ဆောင်ရွက်ရန် အမေရိကန် မျှော်လင့်

ကူးသန်းရောင်းဝယ်ရေးတွင် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ထိခိုက်မည့်အန္တရာယ်ရှိနေသော ကုန်သွယ်မှုဆွေးနွေးပွဲများမှတစ်ဆင့် တရုတ်နိုင်ငံနှင့် အမြင်ချင်း ကြီးမားစွာကွဲလွဲမှုရှိနေသည်ကို လျှော့ချနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း အမေရိကန်ပြည်ထောင်စု ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝီလ်ဘာရော့စ်က မေ ၁၀ ရက် ပြောကြားချက်ကို ကိုးကား၍ အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

“ကွာဟချက်က ကြီးမားပါတယ်”ဟု ကွန်ဂရက် လွှတ်တော်ကြားနာစစ်ဆေးမှု တွင် ရော့စ်ကပြောသည်။ အငြင်းပွားမှုကို ဖြေရှင်းရန် ကြိုးစားသည့်အနေဖြင့် ကိုယ် စားလှယ်အဖွဲ့တစ်ဖွဲ့ကို ရော့စ်ကဦးဆောင်ကာ တရုတ်နိုင်ငံသို့ သွားရောက်ပြီး နောက်ရက်သတ္တတစ်ပတ်အကြာတွင် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

တရုတ်နိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် လာမည့်သီတင်း ပတ်တွင် ဝါရှင်တန်သို့ လာရောက်မည်ဖြစ်ရာ တိုးတက်မှုများ ထပ်မံရရှိရေးအတွက် သူတို့နှင့်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း သူကပြောသည်။

အမေရိကန်ဒေါ်လာ ဘီလီယံ ၁၅၀ ဖိုးရှိ တရုတ်သွင်းကုန်များကို အခွန်တိုးမြှင့် ကောက်ခံရန်  အမေရိကန်ပြည်ထောင်စုက ခြိမ်းခြောက်လျက်ရှိပြီး အမေရိကန် ဒေါ်လာဘီလီယံ ၅၀ တန်ဖိုးရှိ အမေရိကန်ကုန်ပစ္စည်းများအပေါ် လက်တုံ့ပြန်၍ အကောက်ခွန်တိုးမြှင့်ရန် တရုတ်နိုင်ငံက သတိပေးလျက်ရှိသည်။

စီးပွားရေးတွင် ရှီး၏ ညာလက်ရုံးအဖြစ် ယူဆခြင်းခံရသော ဒုတိယဝန်ကြီးချုပ် လျူတီသည် ယခင်ရက်သတ္တပတ်က ကျင်းပခဲ့သော ဆွေးနွေးပွဲကို ဦးဆောင်ခဲ့ပြီး လာမည့်သီတင်းပတ်တွင် ဝါရှင်တန်၌ကျင်းပမည့် တရုတ်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မည်ဖြစ်သည်။ တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးမူဝါဒတွင် ပြောင်းလဲမှုများ ပြုလုပ်ပေးရန် အမေရိကန်ကိုယ်စားလှယ်တို့က တင်ပြခဲ့ကြောင်း၊ ထိုသို့ တင်ပြရာ တွင် ထုတ်ကုန်တစ်ခုချင်းအလိုက်နှင့် အရေအတွက်ကိုပါ တင်ပြခြင်းဖြစ်ကြောင်း ရော့စ်က ပြောသည်။ တရုတ်နိုင်ငံက လက်တုံ့ပြန်ရန် ပစ်မှတ်ထားသော လယ်ယာ ထွက်ကုန်ပစ္စည်းများကို အထူးတလည် ဆောင်ရွက်ခဲ့ကြောင်းလည်း သူကပြော သည်။

တရုတ်နိုင်ငံကလည်း အမျိုးအစားတစ်ခုချင်းအလိုက် တန်ပြန်အဆိုပြုချက်ကို တင်ပြခဲ့ရာ နှစ်ဖက်ကိုယ်စားလှယ်များသည် ယခုအခါ အမျိုးအစားတစ်ခုချင်းအလိုက် သီးခြားစီ ဦးတည်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သူကပြောသည်။ နှစ်နိုင်ငံ အပြန် အလှန် လိုငွေပြမှုကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ထိ လျှော့ချရန် အမေရိကန်တို့က တရုတ်နိုင်ငံအား တောင်းဆိုခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

ကမ္ဘာပေါ်တွင် သတ္တုပစ္စည်းများ အလျှံ ပယ်ဖြစ်နေချိန်တွင် အမျိုးသားလုံခြုံရေး ကို အကြောင်းပြလျက် အမေရိကန်အစိုးရက သံမဏိတင်သွင်းမှု အားလုံးကို ၂၅ ရာခိုင်နှုန်းနှင့် အလျူမီနီယံတင်သွင်းမှုကို ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံရန် အမေ ရိကန်အစိုးရက ပြဋ္ဌာန်းလိုသည့်အချိန်တွင် အငြင်းပွားမှုပေါ်ပေါက်လာခြင်းဖြစ် သည်။ အမေရိကန် အစိုးရ၏ ဒဏ်ခတ်ပိတ်ဆို့မှုက မိတ်ဆွေနိုင်ငံများကို ထိခိုက်မှု ရှိခဲ့သည့်အတွက် ဥရောပသမဂ္ဂကလည်း လက်တုံ့ပြန်ရန် ခြိမ်းခြောက်မှုများရှိခဲ့သည်။