ပြည်ပဲမျိုးစုံ ဈေးကွက်အတွင်း ပဲတီစိမ်းအရောင်းအဝယ်သွက် ကုလားပဲသီးနှံ မျိုးပဲအဝယ်ရှိကာ ဈေးနှုန်းအမြင့်ဆုံးဖြစ်ခဲ့

Fri, 12/30/2016 - 03:18 -- admin_ygn

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ပဲတီစိမ်း၊ပဲစင်းငုံ၊ ဘိုကိတ်၊ ပဲလွန်းဖြူ၊ ပဲပုပ်စသည်ဖြင့် ပဲသစ်များ ဝင်ရောက်နေပေမယ့် မတ်ပဲနဲ့ ကုလားပဲသီးနှံကတော့ မျိုးပဲများအဝယ်ရှိကာ လက်ကျန်ပဲများကိုသာ ရောင်း ချနေရ တယ်လို့သိရပါတယ်။ ပဲစင်းငုံ၊ ဘိုကိတ်၊ ပဲလွန်းဖြူ သီးနှံများမှာ အမြောက်အများ ဝင်ရောက်မှုမရှိသေးသော်လည်း ပဲတီစိမ်းသီးနှံကတော့ ပဲအဝင်များခဲ့သလို အရောင်းအဝယ်သွက်တဲ့ပဲလည်း ဖြစ်ခဲ့ပါတယ်။ မတ်ပဲသီးနှံမှာ အဝင်မရှိသလောက်ဖြစ်နေခဲ့ပြီး ရန်ကုန်ဝယ်လက်က လက်ကျန်ပဲများကိုဝယ်ယူခဲ့သော်လည်း ရောင်းချမှုနည်းခဲ့လို့ ရက်ခြားသာအရောင်းအဝယ်ဖြစ်ခဲ့ကာ ယခုရက်ပိုင်းအတွင်း မျိုးပဲအနေဖြင့်သာဝယ်ယူခဲ့ကြတဲ့အတွက် တစ်တင်း ကျပ် ၃၈၀၀၀ ရရှိခဲ့ပါတယ်။  လက်ကားအနေနဲ့ တစ်တင်းကိုကျပ် ၃၄၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။  လဆန်းရက်ကဈေးနှုန်းများ ထပ်မံကျဆင်းကာ ဈေးကွက်မှာ ဈေးအေးနေလို့အရောင်းအဝယ်လည်း အေးခဲ့တဲ့ပဲ ဖြစ်ခဲ့ ပါတယ်။ ယခုနှစ်က နှစ်ကုန်ပိုင်းမှာ ပဲဈေးစံချိန်တင် မြင့်တက် လာခဲ့တဲ့အတွက် ရောင်းချမှုများကာ ဈေးကွက်အတွင်း ပဲလက်ကျန်မရှိတော့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။
       ပဲတီစိမ်းသီးနှံမှာ ပဲထွက်ရှိမှုများလာပြီဖြစ်လို့ ဈေးကွက်အတွင်းသို့ ပန်းတောင်း၊ ကံမ၊ ပေါင်းတလည်၊ ပေါက်ခေါင်း နှင့် ပြည်အနီးတစ်ဝိုက်မှ အိတ် ၇၀၀ ကျော် ၈၀၀ ဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ မန္တလေးဝယ်လက်မှ လည်း အဝင်ရှိ သလောက် ဝယ်ယူနေပေမယ့် တစ်တင်းကျပ် ၂၈၅၀၀-၂၉၀၀၀ နဲ့ ဈေးအတက်အကျမဖြစ်ဘဲ ဈေးငြိမ်နေတာကို တွေ့ရပါတယ်။ ကုလားပဲသီးနှံမှာ ပဲဈေးနှုန်းမြင့်တက်လာသော်လည်း ပဲလက်ကျန်နည်းသလိုခွဲစက် သမားများရဲ့ဝယ်ယူမှုများကြောင့် အိတ်အနည်းငယ်ရောင်းချခဲ့ရသလို  မျိုးပဲကိုလည်း ဝယ်ယူခဲ့ ကြတယ်လို့သိရပါတယ်။ မျိုးပဲဈေးမှာ တစ်တင်းကျပ်၅၅၀၀၀ ဖြင့် ကုလားပဲသီးနှံဈေးဟာ ယခုနှစ်မှာတော့ ပဲဈေးကွက်မှာ စံချိန်တင်မြင့် တက်နေခဲ့တာကိုလည်းတွေ့ရပါတယ်။ မတ်ပဲ၊ ပဲစင်းငုံ သီးနှံဈေးနှုန်းများ တဖြည်းဖြည်း လျော့နည်းကျဆင်းလာချိန်မှာ ကုလားပဲသီးနှံဈေးကတော့  တရိပ်ရိပ်မြင့်တက် လာနေခဲ့ပါတယ်။ အခြားပဲများ ဈေးအတက်အကျရှိနေသော် လည်း ပဲကြီး သီးနှံကတော့ ဈေးငြိမ်ကာ(ရွှေကျွန်း)တစ်တင်း ကျပ်၂၉၀၀၀၊ (ကမ်းနား) တစ်တင်းကျပ် ၂၆၀၀၀ ဖြင့် ပဲအဝင်သိပ်မရှိပေမယ့် လက်ကျန်ပဲများရှိခဲ့လို့ ပဲကြော်ဖိုသမားများ ဝယ်ယူမှု အပေါ် နေ့စဉ်အိတ်၁၅၀ မှ ၂၀၀ ေ ကျာ် အရောင်းအဝယ်ဖြစ် ခဲ့ကြပါတယ်။
          ထောပတ်ပဲ၊ ပဲနီပြားနဲ့ စားတော်ပဲသီးနှံတို့မှာ ပဲသစ်မဝင်ရောက်သေးပေမယ့် လက်ကျန်ပဲအသင့်အတင့်ရှိခဲ့တဲ့အတွက် လက်လီသမားများ ဝယ်ယူမှုအပေါ်အိတ်အနည်းငယ်စီ အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ပဲဈေးနှုန်း များ အနေဖြင့် ထောပတ်ပဲတစ်တင်းကျပ် ၁၄၅၀၀၊ ပဲနီပြား တစ်တင်းကျပ် ၂၂၀၀၀၊ စားတော်ပဲတစ်တင်း ကျပ် ၃၇၅၀၀ ဖြင့် ဈေးငြိမ်နေခဲ့ကြပြီး လလယ်ကဈေးအတိုင်းသာ ရောင်းဝယ်ခဲ့ ကြကြောင်းသိရပါတယ်။ ဒါကြောင့် ယခု တစ်ပတ်၊ ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ပြည်ပဝယ်လက်ပဲထဲမှာ ပဲတီစိမ်းသီးနှံဈေးလည်း ကောင်း သလို အရောင်းအဝယ်လည်းသွက်ခဲ့ပါတယ်။ ပြည်တွင်းဝယ် လက်ပဲများအနက် ကုလားပဲသီးနှံက  ဈေးအကောင်းဆုံး ဖြစ်ခဲ့ပြီး ကျန်ပဲများကဈေးငြိမ်နေခဲ့ကြောင်း လေ့လာသိရှိ ရပါတယ်။

 

ခင်ဆွေဝင်း

Local Trade News

Pages