တရုတ်တင်ပို့ မြန်မာ့ပျားရည်အကြောင်း တစေ့တစောင်း

Thu, 01/02/2020 - 05:16 -- admin_ygn

ဆောင်းနှင်းတို့ဝေသီလျက်ရှိသော ဒီဇင်ဘာလ၏ နံနက်ခင်းတစ်ခုတွင် မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အတွင်း တရုတ်နိုင်ငံသို့ မြန်မာ့ပျားရည်များ တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိတဲ့  Golden Myanmar Apiary Co. Ltd. ကိုယ်စားလှယ်   မယမင်းနှင့်တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။ အသက် (၃၀) ဝန်းကျင်အရွယ် အညာဒေသမှ  ရှမ်းပြည်သို့ လာရောက်အခြေချပြီး ကုန်သွယ်မှုလုပ်ငန်းများ  လုပ်ကိုင် ဆောင်ရွက်လျက်ရှိသော ဖျတ်လတ်တက်ကြွနေသည့်မယမင်း နှင့်တွေ့ဆုံခဲ့ခြင်းမှ မြန်မာ့ပျားရည်များ တစ်ဖက် တရုတ်နိုင်ငံသို့ ဆောင်ရွက်နေမှုအကြောင်း တစေ့တစောင်း သိရှိခဲ့ပါတယ်။ မြန်မာ့ပျားရည်များကို မူဆယ်(၁၀၅)မိုင်ကုန်သွယ် ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ဆောင်ရွက် လျက်ရှိ သည့်မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီဖြစ်သည့် Golden Myanmar Apiary Co.,Ltd အနေဖြင့် ရှမ်းပြည်နယ်အတွင်း သီပေါ၊ နောင်ချို၊ အောင်ပန်းမြို့နယ်များ ၊ စစ်ကိုင်းတိုင်း စစ်ကိုင်း၊မုံရွာ မြို့နယ်များ ၊ မန္တလေးတိုင်းအတွင်းရှိ မြို့နယ်များ၊  ကျေးရွာ များရှိ တောင်သူများနှင့် အကျိုးတူ  ပျားမွေးမြူရေး လုပ်ကိုင် ဆောင်ရွက်လျက်ရှိပြီး စုဆောင်းရရှိသည့်   ပျားရည်များကို ပြည်တွင်းဈေးကွက်သို့   ရောင်းချခြင်းအပြင် တရုတ်နိုင်ငံသို့ လည်း တင်ပို့ဆောင်ရွက်လျက်ရှိသည်။ ကုမ္ပဏီအနေဖြင့် ပျား အကျိုးတူ မွေးမြူသည့် တောင်သူများသို့ ပျားပုံး၊ မွေးမြူရေး ပျားများ၊   ပျားအစာနှင့် ပျားရည်ထည့်ရန် ပုံးများကို  အခမဲ့ ပေး၍ ထွက်ရှိလာတဲ့ပျားရည်များကို ၆၀ ရာခိုင်နှုန်းအထိ သန့်စင်နိုင်သည့် စက်ဖြင့်သန့်စင်ကာ ဈေးကွက်ပေါက် ဈေး အတိုင်း ကုမ္ပဏီမှ ပြန်လည်ဝယ်ယူသည်။  တောင်သူတစ်ဦး ကို အနည်းဆုံး မွေးမြူရေးပျားပုံး (၅) ပုံးယူ၍ မွေးမြူကြပြီး တောင်သူတွေရဲ့ ဥယျာဉ်ခြံမြေ ၊  လယ်ယာစိုက်ကွင်းတွေ အနီးမှာ  ချထားမွေးမြူကြရပါတယ်။  မွေးမြူတဲ့ပျားပုံးတွေ အတွင်းက မွေးပျားတွေကို ကုမ္ပဏီကပေးတဲ့ ပျားအစာကျွေးရ ပါတယ်။

 

အရွယ်ရောက်လာတဲ့  ပျားတွေဟာ အနီးအနားဝန်းကျင်ကို ပျံသန်းဝတ်ရည်စုပ်ယူလျက် ပျားပုံးအတွင်းက ပျားသလက်တွေမှာ စုဆောင်းကြပါတယ်။ ကုမ္ပဏီမှ တောင်သူတွေရဲ့  ပျားပုံးတွေရှိရာ စိုက်ကွင်းတွေအထိ သွားရောက်ကာ ပျားရည်ကို ပြန်လည်ဝယ်ယူပေးပါတယ်။ တောင်သူတစ်ဦး အနေဖြင့် မွေးပျားငါးပုံး  အကျိုးတူယူပြီးမွေးမြူ၍ ပျားရည် ပြန်လည် ရောင်းချမယ်ဆိုရင်   ခြောက်လမှာ အသားတင် အမြတ် ကျပ်သုံးသိန်းခန့် ရရှိကြောင်းသိရှိရပါတယ်။ မွေးပျား ပုံးများလျှင်များသလို  အကျိုးအမြတ်ရှိပါတယ်။ တောင်သူတွေ အဖို့ စိုက်ပျိုးရေးနှင့် တွဲဖက်လုပ်ဆောင်နိုင်ပြီး တစ်ဖက်တစ် လမ်းမှ   ဝင်ငွေတိုးစေနိုင်မည့်   ကုန်ကျစရိတ်လည်းမရှိတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ကုမ္ပဏီအနေဖြင့်   ကိုယ်တိုင်ပျားမွေးမြူရေးလုပ်ကိုင် ဆောင်ရွက်ခြင်းများလည်း ရှိပါတယ်။ အကျိုးတူ မွေးမြူတဲ့ တောင်သူတွေဆီက စုဆောင်းရရှိတဲ့ပျားရည်တွေနဲ့ ကုမ္ပဏီ ပိုင် ပျားမွေးမြူရေးလုပ်ငန်းက   ထွက်ရှိတဲ့ ပျားရည်တွေကို စက်များနဲ့ သန့်စင်ကာ Myanmar Honey  (မြန်မာပျားရည်) ဆိုပြီး ပြည်တွင်းဈေးကွက်ဝယ်လိုအားအရ    ရောင်းချခြင်းအပြင်   တရုတ်နိုင်ငံသို့လည်း  တင်ပို့ ဆောင်ရွက်လျက် ရှိရာ  မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ  ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်မှာ ၈၇၆ ဒသမ ၁၈၀ တန် ၊ တန်ဖိုး ၆၁၂၀ဝ၀ဒေါ်လာ ၊ ၂၀၁၈ ခုနှစ် Budge မှာ ၁၃၆ တန် ၊ တန်ဖိုး ၉၆၀ဝ၀ ဒေါ်လာ ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ၉၃၇ ဒသမ ၆၀ တန်၊ တန်ဖိုး ၆၅၇၀ဝ၀ ဒေါ်လာတင်ပို့နိုင်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ ဆန်းအတွင်းမှာ ၄၈၄ တန် ၊ တန်ဖိုး ၃၃၈၀ဝ၀ ဒေါ်လာ တင်ပို့ နိုင်ခဲ့တာကို တွေ့ရှိရပါတယ်။   တစ်ဖက်နိုင်ငံ ဈေးကွက် ဝယ်လိုအားမှာလည်း မြင့်တက်လျက်ရှိပြီး ဆက်လက်၍လည်း တင်ပို့ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။

 

ပျားရည်တင်ပို့ဆောင်ရွက်ရန်အတွက် ဓာတ်ခွဲခန်း စစ်ဆေးချက်အရ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တင်ပို့ ခွင့် ထောက်ခံချက်ထုတ်ပေးပါတယ်။ ပျားရည်ကိုအမျိုးအစား ခွဲခြားထားပြီး ဆီးပျားရည်(ဇီးပျားရည်)၊ ပန်းပျားရည်၊ သရက်ပျားရည်၊ နှမ်းပျားရည်၊ မုန်လာဥပျားရည် စသည်ဖြင့် ပျားမွေးမြူသော ပျားပုံးထားရှိသည့် စိုက်ကွင်းသစ်ပင်သီးနှံအပေါ်မူတည်၍ ရရှိသည့်ပျားရည်မှာလည်း အမျိုးအစား ကွဲပြားသွားကြောင်းနှင့် ဆီးပျားရည်နှင့် မုန်လာဥပျားရည်မှာ ဈေးပိုမိုရရှိကြောင်း သိရှိရပါတယ်။ ပျားမွေးမြူရေးကို အကျိုးတူဆောင်ရွက်တဲ့ တောင်သူ များအနေနဲ့ လုပ်အားသာလျှင် ရင်းနှီးရတာဖြစ်ပြီး  အနည်း ဆုံး မွေးမြူရေးပျားပုံး ငါးပုံးကို တစ်နှစ်မှာ အသားတင်အမြတ် ခြောက်သိန်းလောက်ရတာဖြစ်ပြီး   ကရိကထလည်း မများဘဲ မိမိပိုင် လယ်ကွင်း ၊ ယာကွင်း ၊ စိုက်ခင်း ဥယျာဉ်ခြံမြေတွေ နားမှာ ပျားပုံးတွေကို ချထားမွေးမြူနိုင်ခြင်းဖြစ်ပါတယ်။ ဒီဇင်ဘာ နံနက်ခင်းမှာ မယမင်းနဲ့ တွေ့ဆုံခဲ့ခြင်းကနေ သိရှိခဲ့ရတဲ့ မြန်မာမွေးမြူရေး  ပျားရည်တင်ပို့ခဲ့ခြင်းမှ တောင်သူ ဦးကြီးတွေ   တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးနေမှုအပေါ် ပျားရည်ချိုမြသလို  ရင်ထဲမှာလည်း ရွှင်ပျခဲ့ရပါကြောင်း တင်ပြ လိုက်ရပါတယ်။

 

ကျော်သူဝင်း(မာတာ)

Border Trade News

Pages