မြန်မာပေါ်ဆန်းကို ဒေသဆိုင်ရာအညွှန်းရရှိရန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊   ဇူလိုင်လ ၂၅

မြန်မာပေါ်ဆန်းကို ဒေသဆိုင်ရာအညွှန်းရရှိရန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကို ဇူလိုင်လ ၂၅ ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင်နေပြည်တော်ရှိစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၌Virtualစနစ်ဖြင့်ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

မြန်မာပေါ်ဆန်းကို ဒေသဆိုင်ရာအညွှန်းရရှိရန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူ များ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူကိုယ်စားလှယ်များ စုစုပေါင်း (၆၅)ဦးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် မူပိုင်ခွင့်ဥပဒေ(၄)ရပ်အနက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို ၂၀၂၃ခုနှစ်၊ ဧပြီလ(၁) ရက်နေ့တွင်စတင်၍ ဥပဒေအာဏာသက်ဝင်ကြောင်း ထုတ်ပြန်ခဲ့ပြီး၊ အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားချက်များ တရားဝင်လက်ခံခြင်းကို ၂၀၂၃ ခုနှစ်၊ ဧပြီလ(၂၆)ရက်မှ စတင်၍ လက်ခံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသဆိုင်ရာအညွှန်းသည် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေတွင် အခန်း(၁)ရပ်အနေဖြင့် ပြဋ္ဌာန်းပါရှိသည့်အတွက် ဒေသဆိုင်ရာအညွှန်းအား မူပိုင်ခွင့်အမျိုးအစားတစ်ခုအဖြစ် မှတ်ပုံတင်၍ အကာအကွယ်ယူကြရမည်ဖြစ်ပြီး ဒေသဆိုင်ရာအညွှန်း နည်းဥပဒေအား ပြဋ္ဌာန်းနိုင်ရေးပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသဆိုင်ရာအညွှန်း မှတ်ပုံတင်အကာအကွယ်ပေးခြင်းစနစ်သည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် လုပ်ငန်း/ ကုမ္ပဏီတစ်ခုတည်းက မူပိုင်ခွင့်အကာအကွယ်ရရှိခြင်း မဟုတ်ဘဲ ဒေသထွက်ကုန်ပစ္စည်းထွက်ရှိရာ ဒေသအတွင်းရှိ သက်ဆိုင်ရာအသင်းဝင်များအားလုံးက ရရှိခံစားနိုင်သည့် အခွင့် အရေးတစ်ရပ်ဖြစ်ပါကြောင်း၊ မိမိတို့ဒေသထွက် ကျော်ကြားသည့် ကုန်ပစ္စည်းများအား ဒေသဆိုင်ရာအညွှန်းမှတ်ပုံတင်နိုင်ရန်အတွက် အဆိုပါထွက်ကုန်ဆိုင်ရာ ဒေသဆိုင်ရာအညွှန်းအသင်းအဖွဲ့ (GI Association) ပေါ်ပေါက်ဖြစ်တည်ရေးသည် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံ၏ ဒေသထွက်ကုန်ပစ္စည်းများအား ဈေးကွက်မြှင့်တင်ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတကာဈေးကွက်သို့ ပိုမိုထိုးဖောက်နိုင်ရန် ဒေသဆိုင်ရာအညွှန်း(GI)ဖြင့် အကာအကွယ်ရယူနိုင်ရေးအတွက် အလေးထားဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံဆန်စပါအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က အမှာစကားပြောကြားရာတွင်  မြန်မာ့ဆန်စပါးကဏ္ဍ၏ လိုအပ်ချက်များ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာပေါ်ဆန်းနှင့်ပတ်သက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ပူးပေါင်း ၍ ၂၀၁၈ ခုနှစ်တွင် ပေါ်ဆန်းနှင့်ပတ်သက်သည့် အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါအစည်းအဝေးတွင် အဖွဲ့အစည်းတစ်ခု တည်ထောင်ရန် ဆွေးနွေးခဲ့ကြရာ ယခုပေါ်ဆန်းနှင့် ပတ်သက်၍ အဆိုပါအဖွဲ့အစည်းက တာဝန်ယူဆောင်ရွက်ခြင်းဖြင့် လိုရာခရီးသို့ ရောက်ရှိမည်ဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အနေဖြင့်လည်း လိုအပ်သည့်ပံ့ပိုးကူညီမှုများကို ပုဂ္ဂလိကအခန်းကဏ္ဍအနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  မြန်မာနိုင်ငံ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုတွင် ၁၀ % မှ ၁၅ % အထိ ပေါ်ဆန်းကို စိုက်ပျိုးထုတ်လုပ် သည့်အတွက် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးအပြင် နိုင်ငံတကာသို့လည်း မြန်မာ့ဆန်မွှေးတင်ပို့ရောင်းချနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်သွားနိုင်မည်ဖြစ်၍  ပုဂ္ဂလိကအခန်းကဏ္ဍတစ်ရပ်လုံးမှ ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနှင်းနွယ်အေးက ဒေသဆိုင်ရာအညွှန်း၏ ရှင်းလင်းချက်နှင့် ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာစိမ့်သန္တာထွန်းက ဒေသဆိုင်ရာအညွှန်းကို ရရှိနိုင်မည့်လိုအပ်ချက်များနှင့် စပ်လျဉ်း၍လည်ကောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အကြံပေးပုဂ္ဂိုလ် ဦးသက်ဇင်မောင်က မြန်မာပေါ်ဆန်း GIs ရရှိရေးနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။