ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များကို စက်မှုဒီဇိုင်းမူပိုင်ခွင့် ဆိုင်ရာသိကောင်းစရာများနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ မေ ၁၀

နေပြည်တော်၊ မေ ၁၀
   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ရုံးအမှတ် (၅၂)၊ အစည်းအဝေးခန်းမ၌ virtual စနစ်ဖြင့်ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က တက်ရောက်အမှာစကားပြောကြားခဲ့သည်။
    အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊  ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၊ စုစုပေါင်း (၈၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
   ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ မူပိုင်ခွင့်စနစ် တစ်ရပ်ကို ဖော်ဆောင်ရာတွင် ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းပြီးဖြစ်သော်လည်း၊ အဆိုပါ  ဥပဒေ၊ နည်းဥပဒေများကို အများပြည်သူများ လိုက်နာကျင့်သုံးရန် လိုအပ်ပါကြောင်း၊ အများ ပြည်သူများ လိုက်နာကျင့်သုံးရန်အတွက် မူပိုင်ခွင့်ဥပဒေ၏ အနှစ်သာရနှင့် အကျိုးကျေးဇူးများ ကို သိရှိထားရန် လိုအပ်မည်ဖြစ်ပြီး၊ မူပိုင်ခွင့်ဥပဒေ၏ အခွင့်အရေး၊ ရပိုင်ခွင့်များ၊ သတ်မှတ်ချက် များနှင့် အချက်အလက်များကိုလည်း သိရှိနိုင်ရန်လိုအပ်ပါကြောင်း၊ နေ့စဉ်ထိတွေ့နေရသည့် မီးဖိုချောင်သုံး ပစ္စည်းများမှသည် မော်တော်ကား၊ ဆိုင်ကယ်၊ ဖုန်းအစရှိသည့် ဇိမ်ခံပစ္စည်းများ အထိ အားလုံးသော ကုန်ပစ္စည်းများသည် ဒီဇိုင်းကိုယ်စီရှိကြပြီး၊ အဆိုပါ ဒီဇိုင်းများကို မူပိုင်ခွင့် ဥပဒေနှင့် အကာအကွယ်ရယူထားမည်ဆိုလျှင် ရရှိနိုင်မည့်အခွင့်အရေးများနှင့် အကျိုးအမြတ် များကို ယနေ့ဆွေးနွေးပွဲတွင် အသိပညာပေးဆွေးနွေးပြောကြားသွားမည် ဖြစ်ပါကြောင်း၊ ထို့နောက် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၊ ဒီဇိုင်းဖန်တီးနေသူများ အနေဖြင့်  စက်မှုဒီဇိုင်းဥပဒေပါဖော်ပြချက်များကို သိရှိထားမည်ဆိုလျှင် ကိုယ်တိုင်ဖန်တီး ပြုလုပ် ထားသည့်အရာများ၊ ဈေးကွက်တွင် ကိုယ်တိုင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် ထုတ်ကုန် ပစ္စည်းများကို အခြားသူများ ပုံတူကူးချခြင်း၊ အတုပြုလုပ်ခြင်း၊ ရောင်းချခြင်း၊ အရည်အသွေး ညံ့ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်ခြင်းများကို စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေနှင့် အကာအကွယ်ရယူပြီး တားဆီးနိုင်မည်ဖြစ်ပါကြောင်းပြောကြားခဲ့ သည်။
ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဌာနခွဲမှ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါက်တာခင်စန္ဒာဝင်းက စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။  ထို့နောက် အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက် လာကြသူများက သိရှိလိုသည်များကိုမေးမြန်းခြင်းများအပေါ် ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူး က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။