နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ အစည်းအဝေး(၂/၂၀၂၃)သို့ တက်ရောက်အမှာစကားပြောကြားခြင်း
နေပြည်တော်၊ ဇန်နဝါရီလ ၁
မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအစည်းအဝေး (၂/၂၀၂၃) ကို ယနေ့နံနက် ၉ နာရီခွဲ အချိန်တွင်နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ကျင်းပရာ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကားပြောကြားသည်။
အဆိုပါအစည်းအဝေးသို့ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံ၊ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဒုတိယဝန်ကြီးများ ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
အစည်းအဝေးတွင် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဝန်ကြီးချုပ်က မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ၏ (၁/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအစည်းအဝေးကို တစ်နှစ်လျှင်(၂)ကြိမ်ကျင်းပရန် လျာထားခဲ့သည့်အတွက် ယခုအခါ ဒုတိယအကြိမ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့များ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် မူပိုင်ခွင့်စနစ်သစ်တစ်ရပ် တည်ထောင်ရန်လိုအပ်လာပါ၍ ၂၀၁၉ ခုနှစ်တွင် မူပိုင်ခွင့်ဥပဒေ(၄)ရပ်ကို အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် အာဏာတည်ခဲ့ပြီး အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းများကို တရားဝင်လက်ခံဆောင်ရွက်ခြင်းကို ၂၀၂၃ ခုနှစ်၊ ဧပြီလ၂၆ ရက်နေ့မှစ၍ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကိုလည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် အာဏာတည်နိုင်ခဲ့ပြီး မူပိုင်ခွင့်လျှောက်ထားချက်များ လက်ခံနိုင်ရေးအတွက်လည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူပိုင်ခွင့်ဥပဒေများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တာဝန်ရှိသည့် ဝန်ကြီးဌာနများအပြင် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီနှင့် မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီတို့တွင် တာဝန်ပေးအပ်မည့် အစိုးရဌာနများ၊ ပညာရှင်များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများကလည်း ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဥပဒေများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကိုလည်းအသိအမှတ်ပြုဂုဏ်ယူပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မူပိုင်ခွင့်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ဖို့ ကြိုးပမ်းကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီတွင်ပါဝင်သည့် တာဝန်ခံဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက မူပိုင်ခွင့်စနစ်ကို ဖွံ့ဖြိုးတိုးတက်စေရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးမင်းမင်းက မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ(၁/၂၀၂၃)အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တွဲဖက်အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအစည်းအဝေး(၂/၂၀၂၃)သို့ တင်ပြသည့်အမှာစာများကို ဖတ်ကြားတင်ပြရာ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌက အမှာစာများနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။ ထို့နောက် မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။