မဲခေါင်-လန်ချန်းဒေသတွင်း နည်းပညာလွှဲပြောင်းပေးခြင်းဆိုင်ရာ စီမံခန့်ခွဲမှုစနစ်နှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီပွားရေးလုပ်ငန်းများ တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးရေးမူဝါဒများ ဖလှယ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာနမှ ကိုယ်စားလှယ်များတက်ရေ
ရန်ကုန်၊ စက်တင်ဘာ ၆
မဲခေါင်-လန်ချန်းဒေသတွင်း နည်းပညာလွှဲပြောင်းပေးခြင်းဆိုင်ရာ စီမံခန့်ခွဲမှုစနစ်နှင့် MSMEs လုပ်ငန်းများ တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးရေးမူဝါဒများ ဖလှယ်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို စက်တင်ဘာ ၆ ရက်မှ ၇ ရက်အထိ မြန်မာနိုင်ငံ၌ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong အပါအဝင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာသုတေသနဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဌာနနှင့် တက္ကသိုလ်များမှ ကိုယ်စားလှယ်များ ကျွမ်းကျင်ပညာရှင်များ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြသည်။
မဲခေါင်- လန်ချန်းဒေသရှိ စွန့်ဦးတီထွင်စီးပွားရေးဂေဟစနစ်ဖွံ့ဖြိုးမှုအတွက် နည်းပညာလွှဲပြောင်းမှု လျင်မြန်စေရေးစင်တာတည်ဆောက်ခြင်းစီမံကိန်းသည် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင် နည်းပညာလွှဲပြောင်းမှု လျင်မြန်စေရေးစင်တာတည်ထောင်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ အစိုးရသုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းများနှင့် တက္ကသိုလ်များတွင် နည်းပညာလွှဲပြောင်းမှုဆိုင်ရာ အကောင်းဆုံးအလေ့အကျင့်များကို မျှဝေခြင်းနှင့် ဖလှယ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ ဤအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က “စီးပွားရေးလုပ်ငန်းများဆိုင်ရာ မူပိုင်ခွင့်နှင့်နည်းပညာလွှဲပြောင်းခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး နည်းပညာလွှဲပြောင်းမှုလုပ်ငန်းစဉ်၊ စီမံခန့်ခွဲမှုစနစ်၊ အကောင်းဆုံးမူဝါဒ အလေ့အကျင့်များနှင့် နည်းပညာလွှဲပြောင်းမှုစနစ်၏ အသေးစိတ်လုပ်ငန်းဆောင်ရွက်မှုများ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။