ဆန်၊ ဆန်ကွဲများအား ပြည်ပသို့ တင်ပို့ ခွင့်ပြုခြင်း

ဆန်၊ ဆန်ကွဲများအား ပြည်ပသို့ တင်ပို့ခွင့်ပြုခြင်း

     မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ၂၀၁၅ ခုနှစ်၊ ဇွန်၊ ဇူလိုင်လများအတွင်း မုတ်သုန်မိုး သည်းထန်စွာ ရွာသွန်းမှုများကြောင့် တိုင်းဒေသကြီး/ပြည်နယ် အချို့တွင်  ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး လယ်ယာမြေများ ရေကြီးနစ်မြုပ်ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည့်အတွက် ပြည်တွင်းစားသုံးမှု လုံလောက်စေရန် ပြည်ပသို့ ဆန်တင်ပို့မှုအား ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့မှ စတင်၍ ခေတ္တဆိုင်းငံ့ထားခဲ့ပါသည်။

     ယခုအခါတွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ဆန်၊ စပါးကဏ္ဍများဆိုင်ရာ အခြေအနေများ လေ့လာစိစစ်ချက် အရ ဆန်၊ စပါး စိုက်ပျိုးထွက်ရှိမှု လက်ကျန်အခြေအနေသည် စားသုံးရန် လုံလောက်မှုရှိနေပြီး မကြာမီရက်ပိုင်းအတွင်း စပါးအသစ် ထွက်ရှိမည်ဖြစ်၍ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ အကျိုးစီးပွားဖြစ်ထွန်းစေရန်အတွက်လည်းကောင်း ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှ စ၍  ပြည်ပသို့ ဆန်တင်ပို့ခွင့်အား အောက်ပါအတိုင်း စိစစ်၍ ပို့ကုန်လိုင်စင်ခွင့်ပြု ပေးသွားမည် ဖြစ်ပါသည် -

(က)    ပို့ကုန်လိုင်စင်ကို ယခင်ကကဲ့သို့ ရန်ကုန်၊ မန္တလေးနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ခွင့်မပြုဘဲ နေပြည်တော် တွင်သာ ခွင့်ပြုဆောင်ရွက်ပေးသွားပါမည်။

(ခ )    နယ်စပ်မှ တင်ပို့ရာတွင် ပို့ကုန်လိုင်စင် (၁) စောင်လျှင် အများဆုံးတန် (၅၀၀) သာ ခွင့်ပြုသွားမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းမှ တင်ပို့ရာ၌ သယ်ဆောင်မည့် သင်္ဘောတွင် တင်ဆောင်မည့် ပမာဏအတိုင်း   ပို့ကုန်လိုင်စင်ခွင့်ပြု ဆောင်ရွက်သွားပါမည်။

(ဂ )    အမျိုးအစားတူ ပို့ကုန်လိုင်စင် ထပ်မံလျှောက်ထားရာတွင် ယခင်ခွင့်ပြုပြီးသည့် ပို့ကုန်လိုင်စင်အရ တင်ပို့ပြီးကြောင်းကို အကောက်ခွန်ဦးစီးဌာန၏ ပို့ကုန်ကြေညာလွှာ (ED) နှင့်အတူ တင်ပြလျှောက်ထား ရမည်။

(ဃ)    ပို့ကုန်လိုင်စင်သက်တမ်းအား နယ်စပ်ဒေသမှ တင်ပို့ခြင်းအတွက် ၃၀ ရက်နှင့် ပင်လယ်ရေကြောင်းမှ တင်ပို့မှုအတွက် ၄၅ ရက်သာ ခွင့်ပြုပေးသွားမည်ဖြစ်ပြီး သက်တမ်းတိုးခြင်းအား ခွင့်မပြုဘဲ သတ်မှတ်ကာလအတွင်း တင်ပို့နိုင်ခြင်းမရှိ၍ ပို့ကုန်လိုင်စင် ထပ်မံလျှောက်ထားလာပါက ပြန်လည်စိစစ်ပြီးမှ ခွင့်ပြုဆောင်ရွက်သွားပါမည်။

(င )    ပို့ကုန်လိုင်စင်လျှောက်ထားသည့် ကုမ္ပဏီသည် တင်ပို့မည့် ဆန်နှင့် ဆန်ထွက်ပစ္စည်း မည်သည့်အမျိုးအစား တင်ပို့စေကာ မူ တင်ပို့မည့် ပမာဏ၏ ၂% နှင့် ညီမျှသော ဧည့်မထဆန်အမျိုးအစားကို သဘာဝ ဘေးအန္တရာယ်အတွက် အရန်ဆန်အဖြစ် ၎င်း၏ အစီအစဉ်ဖြင့် ထားရှိရမည်ဖြစ်ပြီး ထားရှိမည့်နေရာအား ကုမ္ပဏီ၏မန်နေဂျင်းဒါရိုက်တာမှ လက်မှတ်ရေးထိုး၍ ပို့ကုန်လျှောက်လွှာနှင့်အတူ တစ်ပါတည်း တင်ပြရမည်။

(စ )    ၎င်းတို့အစီအစဉ်ဖြင့် သိုလှောင်ထားရှိသော သဘာဝဘေးအန္တရာယ်အတွက် အရန်ဆန်များကို အရေးပေါ် အခြေအနေအရ လိုအပ်ပါက စတင်သိုလှောင်ချိန်တွင် ဖြစ်ပေါ်ခဲ့သည့် ပေါက်ဈေးနှုန်းဖြင့် နိုင်ငံတော်၏ အစီအစဉ်အတိုင်း ရောင်းချပေး သွားမည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်အတွက် အရန်ဆန် ထားရှိရမည့် သက်တမ်းအား လိုင်စင်ခွင့်ပြုချိန်မှ ၆လအထိ သတ်မှတ်ထားရှိမည်ဖြစ်ပါသည်။

(ဆ)    သိုလှောင်ထားရှိသော သဘာဝဘေးအန္တရာယ်အတွက် အရန်ဆန်များအား စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့်အဖွဲ့မှ တစ်လတစ်ကြိမ် ကွင်းဆင်းစစ်ဆေး သွားမည် ဖြစ်ပြီး စစ်ဆေးမည့် နေ့ရက် အား ၅ ရက်ကြိုတင် အကြောင်းကြားသွားမည် ဖြစ်ပါသည်။