နေပြည်တော်တွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ ၀၉း၀၀ နာရီတွင် နေပြည်တော်၊ Royal ACE Hotel ၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာ ဦးစီးဌာနနှင့် USAID (The United States Agency for International Development) တို့ ပူးပေါင်း၍ “Protecting Consumer Rights in Myanmar: Effectively Implementing on the New Law on Consumer Protection and International Perspectives” ဆွေးနွေးပွဲကို  ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံတွင် စားသုံးသူအကာအကွယ် ပေးရေးကိစ္စရပ်များအတွက် USAID နှင့် ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် စတုတ္ထ အကြိမ်မြောက်ဆွေးနွေး ပွဲဖြစ်ပါသည်။ ပထမအကြိမ်နှင့် ဒုတိယအကြိမ်ဆွေးနွေးပွဲများကို ၂၀၁၅ ခုနှစ် မေလ၌ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး တတိယအကြိမ်ကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များမှာ စားသုံးသူအကာအကွယ်ပေး ရေးဥပဒေကိုထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာကျွမ်းကျင်သူများ ထံမှ နိုင်ငံတကာ စားသုံးသူကာကွယ်ရေးဆိုင်ရာ ရှုထောင့်အမြင်များ ကို လေ့လာသင်ယူနိုင်စေရန်၊ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် စားသုံးသူများ၏အခွင့်အလမ်း များကိုထိရောက်စွာကာကွယ်နိုင်ရေးအတွက် အစိုးရဝန်ထမ်းများနှင့်ပြည်သူလူထုကို အသိပညာဖြန့်ဝေပေးရန်၊ စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းများကို နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အဆင့်တို့တွင်ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အသိပညာဗဟုသုတများရရှိစေရန်၊ စားသုံးသူအကာအကွယ်ပေးရေး နယ်ပယ်တွင် အစိုးရဝန်ထမ်းများနှင့် ပြည်သူလူထုပါဝင် ဆောင်ရွက်နိုင်ရေးအတွက် ဗဟုသုတနှင့်အတွေ့အကြုံများရရှိစေရန်၊ အာဆီယံစီးပွားရေး အသိုက်အဝန်းတည်ထောင်ရာတွင် စားသုံးသူအကာအကွယ်ပေးရေးကဏ္ဍ၌ အာဆီယံနိုင်ငံများနှင့်အတူ ထိရောက်စွာပါဝင် ဆောင်ရွက်နိုင်ရန်နှင့် ၂၀၁၅ အလွန် အာဆီယံစားသုံးသူကာကွယ်ရေးလုပ်ငန်းစီမံချက်ကို အကောင်အ ထည်ဖော်ရာ တွင်အရင်းအမြစ်တည်ဆောက်သည့် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန်တို့ဖြစ်ပါတယ်။

အဆိုပါ ဆွေးနွေးပွဲတွင် ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦး မှလည်းကောင်း USAID မှ Mission Economist ဖြစ်သူ Mr. Daniel Swift မှ လည်းကောင်း အဖွင့်အမှာ စကားအသီးသီး ပြောကြားခဲ့ကြပြီး သက်ဆိုင်ရာဝန်ကြီးဌာန (၁၉) ခုမှ ကိုယ်စားလှယ်များ၊ ကုန်သည်အသင်းများနှင့် အစိုးရမဟုတ်သော အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ စုစုပေါင်း (၈၀) ဦး တက်ရောက်ခဲ့ပါတယ်။