အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်းအမှတ်စဉ် (၇) သင်တန်းဖွင့်လှစ်မည်

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပုဂ္ဂလိကကဏ္ဍရှိ စီးပွားရေး လုပ်ကိုင်သူများအား နိုင်ငံတကာနှင့်ဆက်သွယ် ဆောင်ရွက်ရာတွင် သိသင့်သိထိုက်သည့် အသိပညာ၊ ဗဟုသုတများရရှိရန်နှင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်း နိုင်သည့် ပို့ကုန် လုပ်ငန်းရှင်သစ်များ၊ ကုန်သည်စီးပွားရေး လုပ်ငန်းရှင်သစ်များကို မွေးထုတ်ပေးနိုင်ရန် Trade Training Institute ကို ၂၀၁၂ ခုနှစ်၊ ဧပြီလမှ စတင် ဖွင့်လှစ်ကာ နိုင်ငံတကာ ကုန်သွယ်မှုနှင့် ပတ်သက်၍ စာတွေ့/ လက်တွေ့များ ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပို့ချပေးလျှက်ရှိပါသည်။ ယခု အခါ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု အခြေခံသင်တန်း အမှတ်စဉ် (၇) ကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ တွင် ဖွင့်လှစ်မည် ဖြစ်ပါသည်။

       သင်တန်းတွင် ကုမ္ပဏီတစ်ခုတည်ထောင်သည်မှစ၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ခြင်း ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက် ရာတွင် ပြုလုပ်ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များ ၊ နိုင်ငံတကာ ကုန်သွယ်မှုသီအိုရီနှင့် သဘောတရားများ၊ စီးပွားရေး ဆိုင်ရာ ကျင့်ဝတ်များ၊ စံချိန်စံညွှန်းများ၊ ဈေးကွက် သုတေသန၊ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ မူဝါဒများ အစရှိသည့် ဘာသာရပ်များကို စီးပွား ရေးပညာရှင်များ၊ ကုန်သွယ်မှုနှင့် ဆက်စပ်သည့် ဝန်ကြီးဌာန အသီးသီးမှ ကျွမ်းကျင် သူများနှင့် နိုင်ငံတကာမှ ကျွမ်းကျင် ပညာရှင်များက ပို့ချဆွေးနွေးမည် ဖြစ်ပါသည်။ စီးပွားရေးဆိုင်ရာ ဟောပြောပွဲများ ကျင်းပပေးခြင်း၊ လေ့လာရေးခရီးစဉ်များ စီစဉ်ပေးခြင်းတို့ သင်တန်းတွင် ပါဝင်မည်ဖြစ်ပါသည်။

       သင်တန်းကို အမှတ် (၂၂၈-၂၄၀) ကမ်းနားလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန (ရန်ကုန်တိုင်း ဒေသကြီးရုံး) စတုတ္ထ ထပ်ရှိ သင်တန်းခန်းမတွင် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်း ကာလ မှာ ရက်သတ္တ တစ်ပတ်လျှင် (၃) ရက် (တနင်္လာ၊ ဗုဒ္ဓဟူး၊သောကြာ) (နံနက် ၀၉:၃၀ နာရီမှ ၁၂:၃၀ နာရီထိ) ဖြင့် (၄) လကြာမြင့်မည် ဖြစ်ပါ သည်။

       သင်တန်းဝင်ခွင့်လျှောက်လွှာကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ လ (၁) ရက်နေ့မှ စတင် လက်ခံပြီး၊  သင်တန်းဖွင့်လှစ်မည့်ရက်ကို ထပ်မံအကြောင်း ကြားပေးမည်ဖြစ်ကြောင်း သတင်း ကောင်းပါး အပ်ပါသည်။