ပျက်စီးမှုပမာဏ သတင်းရရှိရေးနှင့် အရေးပေါ်ထောက်ပံ့ရေး ဆပ်ကော်မတီ၏ ရေဘေးအန္တရာယ် အတွက် ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းမှုအခြေအနေ

၁။       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် ၂၀၁၃  ခုနှစ်တွင် အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး အဆိုပါဗဟိုကော်မတီအောက်တွင် ဆပ် ကော်မတီ ၁၁ ရပ်ပါဝင်ပါသည်။ ၎င်းဆပ်ကော်မတီများတွင် ပျက်စီးမှုပမာဏ သတင်းရရှိရေးနှင့် အရေးပေါ်ထောက်ပံ့ရေးဆပ်ကော်မတီကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးက ဥက္ကဌအဖြစ်ပါဝင်ပြီး UMFCCI ဥက္ကဌ နှင့် သက်ဆိုင်ရာ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များအဖွဲ့ဝင်အဖြစ် ဖွဲ့စည်းဆောင်ရွက်လျှက်ရှိပါသည်။

၂။       ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့တွင် သဘာဝဘေးအန္တရာယ်အတွက် ထောက်ပံ့ရေးပစ္စည်း များ လှူဒါန်းမှုအခြေအနေနှင့် ပတ်သက်၍ အောက်ပါအတိုင်း သတင်းရရှိပါသည်-

(က)    ရခိုင်ပြည်နယ်၊ ရေကြီးနစ်မြုပ်သည့် ဒေသများရှိ အိမ်ထောင်စု ၆၀၀၀ အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ လှူဒါန်းသည့် အောက်ပါပစ္စည်းများကို စစ်ရေယာဉ်အမှတ် (၇၇၂) ဖြင့် ရန်ကုန်မှ တင်ဆောင်ပေးပို့ခဲ့ပါသည်-

                        (၁)     ဆန်                        (၁၂) ပြည်အိတ်                   ၆၀၀၀

                        (၂)     ပဲကတ္တီပါ                  ( ၁ ) ပိသာအိတ်                 ၆၀၀၀

                        (၃)     ဆီ                          ( ၁ ) လီတာဗူး                    ၆၀၀၀

( ခ)    အဆိုပါ ဒေသများရှိ အိမ်ထောင်စု ၆၀၀၀ အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တပ်မတော်လေယာဉ်ဖြင့် ပေးပို့ပြီးသည့် လှူဒါန်းသည့် ပစ္စည်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

                          (၁)     ငါးသေတ္တာ                ( ၁ ) ပေါင်ဗူး                      ၆၀၀၀

                          (၂)     ခေါက်ဆွဲခြောက်        (၂၂) ဗူးပါကာတွန်း               ၈၈

                          (၃)     ဆေးမျိုးစုံ                 အိတ်                                ၆၀၀၀

                                  (အိမ်သုံးဆေး၊ ရေသန့်ဆေး၊ဓာတ်ဆား)

                          (၄)     ရေသန့်                             ပါကင်                               ၁၆၆ (၁၂ X  ၁၆၆ ဗူး)

 ( ဂ )  ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ရခိုင်တိုင်းရင်းသားများမှ ရခိုင်ပြည်နယ်၊ ရေကြီးနစ်မြုပ်သည့်ဒေသများအတွက်  လှူဒါန်းသည့်ဆန်အိတ် ၃၀၀၀၀ အား တစ်အိတ်လျှင် အရင်းဈေးနှုန်းအတိုင်း ၁၇၅၀၀ ကျပ်နှုန်းဖြင့် မြန်မာနိုင်ငံဆန်စပါး ကုန်သည်အသင်းနှင့် ကုမ္ပဏီများမှ  ရောင်းချပေးရန် စီစဉ်လျက်ရှိပါသည်။

 (ဃ)   မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ MAPCO နှင့် Nine Sea ကုမ္ပဏီလီမိတက်တို့မှ ရခိုင်ပြည်နယ်ဆန်စပါးကုန်သည်အသင်းနှင့် ညှိနှိုင်း၍ ရခိုင်ပြည်နယ်၊ ရေကြီးနစ်မြုပ် သည့် ဒေသများသို့ အကြွေးစနစ် (ပစ္စည်းရောင်းပြီးငွေချေ) ဖြင့် ရောင်းချရန် ဆန်အိတ် ၁၀၀၀၀ အား တော်ဝင်သီရိသင်္ဘောဖြင့် ရန်ကုန်မြို့တွင် တင်ဆောင်နေပြီဖြစ်ပါသည်။

( င )   ထို့အပြင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ရခိုင်ပြည်နယ် ရေကြီးနစ်မြုပ်သည့် ဒေသများသို့ ရခိုင်ပြည်နယ်ဆန်စပါးကုန်သည်အသင်းမှ တစ်ဆင့် ဆန်အိတ် ၂၀၀၀၀ အား အကြွေးစနစ်ဖြင့် ဆက်လက်ရောင်းချရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ပါသည်။

( စ )   စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ရေဘေးသင့်ပြည်သူများအတွက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အစီအစဉ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မုံရွာမြို့သို့ ဆန်အိတ် ၂၀၀၀ အား ပေးပို့လှူဒါန်းရန် စီစဉ်ထားပြီးဖြစ်ပါသည်။

(ဆ)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ   အသင်းချုပ်မှ မကွေးတိုင်းဒေသကြီး ရေဘေးသင့်ဒေသများသို့ ဆန်အိတ် ၁၃၅၀ ၊ ငါးသေတ္တာ၊ ဆေးမျိုးစုံနှင့် ဆီများကို လှူဒါန်းရန် စီစဉ်ထားရှိပြီးဖြစ်ပါသည်။

 ( ဇ )  ချင်းပြည်နယ် ရေဘေးသင့် ပြည်သူများအတွက် ကလေးမြို့မှတစ်ဆင့် MAPCO အများပိုင်ကုမ္ပဏီမှ လှူဒါန်းရန် အတွက် ဆန် (၂.၅) KG အိတ်အပါအဝင် ဆန် ၁၅ တန် အား လေယာဉ်ဖြင့် သယ်ယူနိုင်ရန် နေပြည်တော်တွင် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

(ဈ)     မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်အသင်းများမှလည်း  ရေဘေးသင့် ပြည်သူများထံသို့ လှူဒါန်းမည့် ဆန်အိတ်များအား အရင်းဈေးနှုန်းအတိုင်း ရောင်းချပေးရန် ညှိနှိုင်းကြေညာထားပြီး ဖြစ်ကြောင်းသတင်းရရှိပါသည်။