မြန်မာနိုင်ငံပါဝင်ပြသသော Expo Milano 2015 စတင်ဖွင့်လှစ်

   အီတလီနိုင်ငံ၊မီလန်မြို့တွင် ကျင်းပသည့် ကမ္ဘာ့ကုန်စည်ပြပွဲ Expo Milano 2015 အား မေ ၁ ရက် အလုပ်သမားနေ့တွင် အီတလီနိုင်ငံ၊ မီလန်မြို့၊ ဒေသစံတော်ချိန်မွန်းတည့် ၁၂:၀၀နာရီတွင် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားသို့ အီတလီနိုင်ငံ၊ ဝန်ကြီးချုပ် Mr.  Matteo Renzi တက်ရောက်၍ အမှာစကားပြောကြားဖွင့်လှစ်ခဲ့ပါသည်။

   ယခုကျင်းပလျက်ရှိသည့် ပြပွဲမှာ နိုင်ငံကြီးများတွင် ငါးနှစ်တစ်ကြိမ်အလှည့်ကျပြုလုပ်သော နိုင်ငံတကာကုန်စည်ပြပွဲကြီးဖြစ်ပြီး ၂၀၁၀ ခုနှစ် တွင် တရုတ်နိုင်ငံရှန်ဟိုင်းမြို့ တွင် နောက်ဆုံးကျင်းပခဲ့ပါသည်။ Expo Milano 2015 သည် နိုင်ငံတကာပြပွဲဖြစ်ပြီး ပြပွဲ၏ ဆောင်ပုဒ်ဖြစ်သော၊ ''ကမ္ဘာကြီးကိုအသက်ရှင်သန်မှုအတွက် အားအင်ဖြည့် ဆည်းပေး'' (Feeding the Planet, Energy for Life)ကို ရည်ညွှန်း၍ဆောင်ရွက်ခြင်းဖြစ်ပြီး ဆောင်ပုဒ်၏ အဓိပ္ပါယ်မှာလူသားအားလုံးအတွက် လုံခြုံစိတ်ချရပြီး ကျန်းမာရေးနှင့် ညီညွတ်သောအစား အစာများပြည့်စုံလုံလောက်ရေးနှင့် စဉ်ဆက်မပြတ် အာဟာရဓာတ်ပြည့်ဝရေးပင်ဖြစ်ပါသည်။ ပြပွဲကြီး၏ အဓိကရည်မှန်းချက်မှာ ပိုမိုကောင်းမွန်ပြီးစဉ် ဆက်မပြတ်ဖြစ်စေသောထုတ်လုပ်မှုနှင့် စားသုံးမှုပုံစံ (Model) ကိုဖော်ထုတ်ရန် နှင့် ဗဟုသုတမျှဝေရန် ဖြစ်ပါသည်။

  Expo Milano 2015 ပြပွဲသို့ ဥရောပမှ ၃၂ နိုင်ငံ၊ အာရှမှ ၄၁ နိုင်ငံ၊ အာဖရိကမှ ၄၃ နိုင်ငံ၊ သမုဒ္ဒရာ ကျွန်းစုများမှ ၃ နိုင်ငံ၊ အမေရိကမှ ၂၆ နိုင်ငံ စုစုပေါင်း ၁၄၅ နိုင်ငံ ပါဝင်ပြ သလျက်ရှိသည်။ အဆိုပါကုန်စည်ပြပွဲတွင် နိုင်ငံအလိုက် ထွက်ကုန်ပစ္စည်းများအား လာရောက်ပြသလျက်ရှိရာ ဆန်စပါး၊ ကိုကာ၊ ကော်ဖီ၊ သစ်သီးဝလံနှင့် ပဲ၊ မိုးနည်းရပ် ဝန်းဒေသစားသောက်ကုန်များ၊ ပင်လယ်ထွက်စားသောက်ကုန်များ၊ ဟင်းခတ်အမွှေးအကြိုင်၊ ကောက်နှံနှင့်ဥ၊ မြေထဲပင်လယ်ဒေသစား သောက်ကုန်များစသဖြင့် သီးနှံလုပ်ငန်း အစုအဖွဲ့ (Agro Cluster) ၉ ခု ကိုလည်း ခွဲခြား၍လည်းပြသလျက်ရှိပြီး  မြန်မာနိုင်ငံမှဆန်စပါးအစုအဖွဲ့ (Rice Cluster)တွင်ပါဝင်ပြသလျက်ရှိရာ မြန်မာနိုင်ငံနှင့်အတူ ကမ္ဘော ဒီးယား၊ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ ဆီရီယာလီယွန်နိုင်ငံတို့ ပါဝင်ပြသလျက်ရှိသည်။

   Expo Milano 2015 ပြပွဲအား ၂၀၁၅ခုနှစ် မေလ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့ ထိ ခြောက်လကြာကျင်းပသွားမည်ဖြစ်ရာ ပြပွဲကြီးသို့ ဧည့်သည် သန်း ၂၀ လာရောက်မည်ဟုခန့်မှန်းထားကြောင်းသိရှိရပြီး မြန်မာနိုင်ငံအနေဖြင့် အဓိကထုတ်ကုန် ဆန်နှင့်ပဲမျိုးစုံအတွက် ဥရောပဈေးကွက်တိုးချဲ့နိုင်ရေးအခွင့်အလမ်းများရရှိနိုင်မည်ဖြစ် ပြီး ခရီးသွားလုပ်ငန်းများအတွက်လည်း အလားတူ အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

ဇေယျာဆွေ