Japfa ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ ၁၀၀ ရာခိုင်နှုန်းပြည့်ပိုင်ဆိုင်မှုရှိသည့် လုပ်ငန်းခွဲတစ်ခုအဖြစ် ပြောင်းလဲလုပ်ကိုင်မည့်သတင်း

   စင်ကာပူနိုင်ငံ၌ ဌာနချုပ်ရုံးဖွင့်လှစ်ထားရှိသည့် Japfa ကုမ္ပဏီသည် လက်ကျန်အစုရှယ်ယာများကို ဝယ်ယူလျက် မြန်မာနိုင်ငံရှိ Japfa Comfeed Myanmar Pte Ltd (JCMA) အား ၁၀၀ ရာခိုင်နှုန်းပြည့် ပိုင်ဆိုင်မှုရှိသော လုပ်ငန်းခွဲတစ်ခုအဖြစ်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ယခုလ ၂ ရက်နေ့က ထုတ်ဖော်ပြောကြားလိုက်ပါသည်။

   Japfa ကုမ္ပဏီသည် တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှဒေသနိုင်ငံများအတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို လုပ်ငန်းခွဲများဖွင့်လှစ်လုပ်ကိုင်လျက်ရှိရာ မြန်မာနိုင်ငံရှိ JCMA ကုမ္ပဏီလုပ်ငန်းခွဲကို ရှယ်ယာ ၈၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားပါသည်။ ကျန်ရှိသော အစုရှယ်ယာ ၁၅ ရာခိုင်နှုန်းကို Best Livestock လီမိတက်မှ ပိုင်ဆိုင်ခြင်းဖြစ်ပြီး တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ ၅.၇ သန်းခန့်ရှိပါသည်။ Japfa  ကုမ္ပဏီမှ ပြောဆိုချက် အရ အဆိုပါလက်ကျန်ရှယ်ယာများအား စည်းကမ်းသတ်မှတ်ချက်ဖြင့် ပေးချေဝယ်ယူမှု သဘောတူစာချုပ်ကို Best Livestock နှင့် ၎င်းတို့ကုမ္ပဏီအကြားချုပ်ဆိုထားပြီးဖြစ်ကြောင်း၊ ပြန်လည်ထုတ်ယူနိုင်ခွင့်ရှိသော စရန်ငွေ အမေရိကန်ဒေါ်လာ ၁ သန်းကို ယခု လဆန်းပိုင်း၌ပေးချေမည်ဖြစ်ပြီး ကျန်ငွေ ၄.၇ သန်းအား ရှယ်ယာဝယ်ယူမှု စာချုပ်အပြီးသတ်လုပ်ငန်းဆောင်ရွက်နိုင်ချိန်တွင် ပေးချေသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ အတည်ပြုချက်ရရှိရေးမှာ စာချုပ်ချုပ်ဆိုမှု၌ အဓိကလိုအပ်ချက်တစ်ရပ်ဖြစ်ကြောင်းသိရပါသည်။

   Japfa ကုမ္ပဏီ၏ ၃၀.၉.၂၀၁၄ နေ့ စာရင်းအင်းအရ မြန်မာနိုင်ငံရှိ JCMA ကုမ္ပဏီလုပ်ငန်းခွဲမှာ အသားတင်ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁၉.၅ သန်းခန့်ရှိပြီး တရိစ္ဆာန် အစာစက်ရုံများ၊ မွေးမြူရေးနှင့် သားဖောက်လုပ်ငန်းများ၊ ကူးသန်းရောင်းဝယ်ရေးနှင့် ကန်ထရိုက်လုပ်ငန်းများအကြား အထက်နှင့် အောက်ထောင်လိုက်လုပ်ငန်းပူးပေါင်းဆောင် ရွက်မှုစနစ်ဖြင့်လုပ်ကိုင်လျက်ရှိပါသည်။ မြန်မာနိုင်ငံ၌ လုပ်ထုံးလုပ်နည်းများ ပြောင်းလဲမှုက ၎င်းတို့လုပ်ငန်းစုအတွက် လျင်မြန်စွာတိုးတက်ဖြစ်ထွန်းလျက်ရှိသော မွေးမြူရေးဈေး ကွက်အတွင်း ပိုင်ဆိုင်မှုအပြည့်အဝဖြင့် လုပ်ငန်းဆောင်ရွက်ရာမှ အကျိုးအမြတ်များရရှိစေမည့် အခွင့်အလမ်းကိုဆောင်ကြဉ်းပေးခဲ့ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ၌ ၎င်းတို့မှလုပ် ကိုင်လျက်ရှိသော မွေးမြူရေးလုပ်ငန်းဆောင်ရွက်မှုနည်းစနစ်ကို ပုံစံတူလုပ်ကိုင်ခြင်းဖြင့် ပထမဦးစွာလုပ်ကိုင်ဆောင်ရွက်သူ၏ အားသာချက်များကိုရရှိပြီး မြန်မာ့မွေးမြူရေး ဈေး ကွက်၌ ဦးဆောင်မှုရယူနိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် Japfa ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Mr Tan Yong Nang ကပြောဆိုပါသည်။

    DBS ဘဏ်လုပ်ငန်းစု၏ သာမန်အစုရှယ်ယာ သုတေသနဌာနမှ ၂.၂.၂၀၁၅ နေ့ထုတ်ပြန်သည့် အစီရင်ခံစာတွင် စင်ကာပူစတော့ဈေးကွက်ဝင် Japfa ကုမ္ပဏီ၏ရှယ်ယာ များအား ဈေးနှုန်း ဝ.၆၃၅ စင်ကာပူ ဒေါ်လာ၌ ရည်မှန်းချက်ထားရှိဝယ်ယူသင့်ကြောင်းဖော်ပြခဲ့ပါသည်။ DBS မှ လေ့လာသူ Mr Ben Santoso က ယခုကဲ့သို့ လုပ်ငန်းသိမ်း သွင်းရယူခြင်းသည် Japfa ၏ မြန်မာနိုင်ငံရှိ လုပ်ငန်းခွဲတွင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၈ သန်းအထိ တိုးမြင့်လာမည်ဖြစ်ကြောင်း၊ Japfa ၏ ၂၀၁၅ ဘဏ္ဍာနှစ် ဝင်ငွေရရှိမှုတွင် JCMA ကုမ္ပဏီလုပ်ငန်းခွဲမှ အမေရိကန်ဒေါ်လာ ၁၁ သန်းခန့်ပါဝင်လာမည်ဟု ခန့်မှန်းရကြောင်း၊ စုစုပေါင်းဝင်ငွေ ရရှိမှု၌ ၁.၇ ရာခိုင်နှုန်းခန့်သာရှိ မည်ဖြစ်သော်လည်း မြန်မာဈေးကွက်၏ အလားအလာကောင်းမွန်မှုက ရေရှည်ကာလ၌ Japfa ၏ ဝင်ငွေတိုးတက်မှုကို ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း ပြောကြားပါသည်။

   အင်ဒိုနီးရှားနိုင်ငံ၌ ၂၀၁၅ ခုနှစ် ဇန်နဝါရီလလယ်ပိုင်းတွင် ဘွိုင်လာကြက်အရှင် တစ်ကီလိုဂရမ်လျှင် ၁၈၂၅၀ ရူပီးအထိ ဈေးနှုန်းပြန်လည်မြင့်တက်လာမှုကြောင့် မွေးမြူရေး လုပ်ငန်းရှင်များ၏ ကြက်သားပေါက်များ ဝယ်လိုအားမှာလည်းတိုးတက်လာခဲ့ပါသည်။ အကျိုးဆက်အားဖြင့် ရက်သား ဘွိုင်လာကြက်သားပေါက်ဈေးနှုန်းမှာလည်း အမျိုးအစား ကိုလိုက်၍ တစ်ကောင်လျှင် အင်ဒိုနီးရှား ရူပီးငွေ ၃၁၀၀ မှ ၅၁၀၀ အထိ ဈေးမြင့်တက် ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်အတွင်း အင်ဒိုနီးရှားဈေးကွက်၌ ဘွိုင်လာကြက်သားပေါက်နှင့် ကြက်အရှင်တစ်ကီလို ဈေးနှုန်းမှာ ပျမ်းမျှရောင်းဈေး ရူပီး ၄၆၅၀ နှင့် ၁၅၉၆၅ အသီးသီးရှိမည်ဟု DBS ဘဏ်လုပ်ငန်းစု၏ သုတေသန ဌာနမှ ခန့်မှန်းထားရှိရာ Japfa ကုမ္ပဏီ ၏ ရှေ့လုပ်ငန်းအလားအလာမှာ ကောင်းမွန်လျက်ရှိပါသည်။

   ၂.၂.၂၀၁၅ နေ့ စင်ကာပူစတော့အိတ်ချိန်းဈေးကွက်၌ Japfa ကုမ္ပဏီ၏ အစုရှယ်ယာဈေးနှုန်းမှာ စင်ကာပူဒေါ်လာငွေ ဝ.၀၀၅ မြင့်တက်ခဲ့ပြီး ရှယ်ယာတစ်စုလျှင် စင်ကာပူဒေါ် လာ ဝ.၆၄ နှုန်းဖြင့် ဈေးကွက်ပိတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

နေအေးလွင်

(စီးပွားရေးသံမှူး)