မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ဆောက်လုပ်ရေးကုမ္ပဏီ Koins enc နှင့် တွေ့ဆုံ ဆွေးနွေးပြီးစီးမှုအစီရင်ခံစာသတင်းများ

မြန်မာသံရုံး၊ ဆိုးလ်မြို့
စီးပွားရေးသံမှူးက (အခါအားလျော်စွာ) အခြားတင်ပြသည့်သတင်းများ
Koins enc ကုမ္ပဏီနှင့်တွေ့ဆုံပြီးစီးမှု အစီရင်ခံစာ

 

ကုမ္ပဏီ၏ အချက်အလက်များ
၁။    ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် အခြေစိုက်သော Koins enc* ကုမ္ပဏီသည် ကိုရီးယား သမ္မတနိုင်ငံအတွင်းရှိ အလတ်စားဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်ပြီး၊ အဓိကအားဖြင့် အဆောက် အဦများ၏တံခါးအမျိုးမျိုး၊ သတ္ထုကိုယ်ထည် အစိတ်အပိုင်းများနှင့် ဆင်ဝင်များ ဆောက်လုပ်ရာတွင် နံမည်ကျော်ကြားပါသည်။ ဆောက်လုပ်ရေးလုပ်ငန်း လုပ်သက် ၂၅ နှစ်ခန့်ရှိပြီး၊ ရန်ကုန်မြို့တွင်းရှိ စီမံကိန်းအချို့တွင် ပါဝင်ဆောင်ရွက်ခဲ့ဖူးပါသည်။
တွေ့ဆုံဆွေးနွေးသည့်အကြောင်းအရာ
၂။    ယင်းကုမ္ပဏီသည် မြန်မာနိုင်ငံတွင် မြန်မာဆောက်လုပ်ရေးကုမ္ပဏီတစ်ခုခုနှင့် ပူးတွဲလုပ်ငန်း ဆောင်ရွက်လိုပြီး၊ အဆိုပါ မြန်မာကုမ္ပဏီတစ်ခုခုနှင့် လက်တွဲဆောင်ရွက်ရာတွင် လိုအပ်မည့် လုပ်ထုံးလုပ်နည်းများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ၊ ဗဟိုအစိုးရတို့ထံမှ ရယူရမည့် လုပ်ငန်း လိုင်စင်ဆိုင်ရာ အခြားအချက်အလက်များကို သိရှိလိုသဖြင့် စီးပွားရေးသံမှူးထံသို့ ကုမ္ပဏီ၏ Managing Director ဖြစ်သူ Mr. Joseph Jang သည် (၁၉-၁-၂၀၁၅) ရက်နေ့၊ ၁၄း၃၀ နာရီတွင် မြန်မာသံရုံးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ကြပါသည်။
ဆွေးနွေးချက်အပေါ် အရေးယူဆောင်ရွက်ပေးမှု
၃။    စီးပွားရေးသံမှူးက မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းသည် အထူးလိုအပ်လျှက်ရှိ သည့် လုပ်ငန်းကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးစမြန်မာနိုင်ငံအနေဖြင့် အခြေခံအဆောက်အဦများ အားဖြည့်တည်ဆောက်ရန် ကမ္ဘာ့အဆင့် အတန်း   မီသော  ဆောက်လုပ်ရေး ကုမ္ပဏီများ၊ ပတ်ဝန်းကျင် လူမှုစီးပွားဘဝအပေါ် သက်ရောက်မှုများကို တာဝန်ခံနိုင်သော ကုမ္ပဏီများ လိုအပ်လျှက် ရှိပါ ကြောင်း၊ Koins enc ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံရှိ စီမံကိန်းတစ်ချို့တွင် ပါဝင်ဆောင်ရွက် ခဲ့ဖူး၍ မြန်မာ နိုင်ငံ တွင်း ဆောက်လုပ်ရေး ကုမ္ပဏီများ၏ ဈေးကွက်အနေအထားကို ကောင်းစွာသိရှိပြီး ဖြစ်မည်ဟု ယုံကြည်ပါကြောင်း ပဏာမ ပြောကြားခဲ့ပါသည်။
၄။    ထို့နောက် Koins enc ကုမ္ပဏီမှ မြန်မာတိုင်းရင်းသားပိုင် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုခု နှင့် ဖက်စပ်လုပ်ငန်းထူထောင်လိုသည့်ရည်ရွယ်ချက်အတွက် သိရှိရန်လိုအပ်သည်များ၊ နိုင်ငံခြား ကုမ္ပဏီ တစ်ခုခု မြန်မာနိုင်ငံတွင် ဖက်စပ်လုပ်ငန်း လုပ်ဆောင် ရာ တွင်  ပြဌာန်း ထားသည့်လုပ်ထုံး လုပ်နည်းများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ဖက်စပ်လုပ်ငန်းဆောင်ရွက်ရန် အလားအလာရှိသည့် မြန်မာကုမ္ပဏီအချို့နှင့် သွားရောက်တွေ့ဆုံပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

 

သန့် ဇင် (စီးပွားရေးသံမှူး)