စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ သုတေသနနှင့် တက္ကသိုလ်များတွင် နည်းပညာနှင့်တီထွင်ဆန်းသစ်မှု အထောက်အကူပြုစင်တာ(TISC) တည်ထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအခမ်းအနားသို့ တက်ရောက်
နေပြည်တော်၊ ဇွန်လ ၁၁
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် - ၃၊ အစည်းအဝေးခန်းမ - ၂ ၌ ကျင်းပသည့် နည်းပညာ နှင့် တီထွင်ဆန်းသစ်မှုအထောက်အကူပြုစင်တာ (Technology and Innovation Support Center -TISC) တည်ထောင်မှုဆိုင်ရာနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။
အမှာစကားပြောကြားရာတွင် နိုင်ငံ၏ နည်းပညာအဆင့်အတန်းနှင့် တီထွင်ဆန်းသစ်မှုများ မြင့်မားလာစေရန်၊ နည်းပညာများ အလွယ်တကူ ရယူအသုံးပြုနိုင်ရန်နှင့် တီထွင်ဖန်တီးမှုများမှ မူပိုင်ခွင့်စနစ်ကို အသုံးပြု၍ ဈေးကွက်ဝင်ထုတ်ကုန်များ ထုတ်လုပ်နိုင်စေရန်အတွက် နည်းပညာနှင့် တီထွင်ဆန်းသစ်မှုအထောက်အကူပြုစင်တာ (TISC) များ တည်ထောင်၍ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (WIPO) ၏ စာရင်းအချက်အလက်များအရ အဖွဲ့ဝင် ၉၃ နိုင်ငံတွင် TISC စင်တာ ၁၈၃၂ ခုကို တည်ထောင်ထားရှိပြီး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့နှင့် TISC စင်တာများ ထူထောင်ဆောင်ရွက်ရန် ဝန်ဆောင်မှု အဆင့်သဘောတူညီချက် (Service Level Agreement- SLA) ရေးထိုးခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် သုတေသနဌာန ၁ ခု၊ တက္ကသိုလ် ၅ ခုတို့နှင့် နည်းပညာနှင့် တီထွင်ဆန်းသစ်မှု အထောက်အကူပြုစင်တာများ TISC တည်ထောင်ရန် နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် ဦးစီးဌာန ၅ ခု၊ တက္ကသိုလ် ၃၀ ခုတို့ဖြင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဥပဒေများကို အကောင်ထည်ဖော် ကျင့်သုံးနေပြီဖြစ်၍ သုတေသနဌာန၊ တက္ကသိုလ်များမှ တီထွင်ဖန်တီးမှုများကို မူပိုင်ခွင့်စနစ်ဖြင့် ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ တီထွင်ဖန်တီးမှုနည်းပညာများကို ဈေးကွက်ဝင် ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရန် နည်းပညာလွှဲပြောင်းခြင်း (Technology Transfer) များကိုလည်း စနစ်တကျဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သုတေသနဌာနနှင့် တက္ကသိုလ်များတွင် နည်းပညာနှင့် တီထွင်ဆန်းသစ်မှုအထောက်အကူပြုစင်တာ (TISC) တည်ထောင်ခြင်းဖြင့် နည်းပညာနှင့်ပတ်သက်သော သတင်းအချက်အလက်များ လွယ်ကူစွာ ရရှိနိုင်ခြင်း၊ နည်းပညာ ဆိုင်ရာ သတင်းအချက်အလက်များ ထိရောက်စွာ သုံးစွဲနိုင်ခြင်းနှင့် တီထွင်ဖန်တီးမှုများတွင် အသုံးချ နိုင်ခြင်း၊ တီထွင်ဖန်တီးမှုများကို မြှင့်တင်ပေးနိုင်ခြင်း၊ တီထွင်ဆန်းသစ်မှုများကို လှုံ့ဆော်ပေးခြင်းနှင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ဖြစ်စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဆန်းသစ်တီထွင် မြန်ပြည်တစ်ခွင် မူပိုင်ခွင့်ဖြင့် တို့မြှင့်တင် Documentary အား ပြသခြင်း၊ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းနှင့် မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က Innovation and IP ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး တီထွင်ဆန်းသစ်မှု မြှင့်တင်စေမည့် TISC ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို သက်ဆိုင်ရာဦးစီးဌာနများနှင့် တက္ကသိုလ်များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ဆွေးနွေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမည့် ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
