ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော်တွင် MSME လုပ်ငန်းရှင်များအတွက် လုပ်ငန်း/စီးပွားချိတ်ဆက်မှုများ ဆောင်ရွက်နိုင်မည်

 

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော်ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ နေပြည်တော်၊ ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ဈေးရောင်းပွဲတော်ကာလအတွင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်း/စီးပွားချိတ်ဆက်မှုပြခန်း ဖွင့်လှစ်၍ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တစ်ဦးဖြစ်စေမည့် လုပ်ငန်းစဉ်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ MSME လုပ်ငန်းများ၊ သီလဝါ SEZ ၏ Promotion Zone အတွင်း ထုတ်လုပ်ရေး လုပ်ငန်းများ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များ၊ လက်လီ/လက်ကားရောင်းချသူများ၏ အချင်းချင်းချိတ်ဆက်မှုလုပ်ငန်းစဉ်များ၊ ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ အကောက်ခွန်ဦးစီးဌာနနှင့် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များအကြားလုပ်ငန်းစဉ်များ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များနှင့် နိုင်ငံ တကာတွင်ရှိသော မြန်မာနိုင်ငံ၏ စီးပွားရေးသံမှူးများဖြင့် အွန်လိုင်းမှ ဆွေးနွေးနိုင်မည့် ဝန်ဆောင်မှုများ၊ မူပိုင်ခွင့်ဆိုင်ရာသိသင့်သိထိုက်သည်များ၊ ကုန်စည်ပြပွဲနှင့်သက်ဆိုင်သော ကိစ္စရပ်များအား ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ 

သို့ဖြစ်ပါ၍ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်ဖြစ်လိုသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသေးစား၊ အငယ်စားနှင့်အလတ်စား MSME စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်ဆောင်ရွက်နိုင်ရေးအတွက် ပြပွဲကာလအတွင်း လုပ်ငန်း/စီးပွားချိတ်ဆက်မှု ပြခန်းတွင် သက်ဆိုင်ရာကဏ္ဍအလိုက် လာရောက်လေ့လာခြင်း၊ ဆွေးနွေးခြင်းဆောင်ရွက်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။ 

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန