နဝမအကြိမ်မြောက် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီအစည်းအဝေး၏ ကြိုတင်ညှိနှိုင်းအစည်းအဝေး (Preliminary Meeting) သို့ စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိအမြဲတမ်းအတွင်းဝန် ဦးအောင်မင်းသိုက် တက်ရောက်

နဝမအကြိမ်မြောက် မြန်မာ - အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီ (9th Myanmar-India Joint Trade Committee - JTC) အစည်းအဝေး၏ ကြိုတင်ညှိနှိုင်းအစည်းအဝေး (Preliminary Meeting) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့၊ နေ့လယ် ၁၄:၀၀  နာရီအချိန်တွင် မြန်မာနိုင်ငံ၊ နေပြည်တော်၊ Park Royal Hotel ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးအောင်မင်းသိုက်နှင့် အိန္ဒိယသမ္မတနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနမှ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူး Sh. Tariq Thomas ဦးဆောင်၍ သက်ဆိုင်ရာ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ဝင် (၅၂) ဦးနှင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် နှစ်နိုင်ငံကုန်သွယ်မှုအလားအလာများကို သုံးသပ်၍ ကုန်သွယ်မှုပမာဏအား ပိုမိုတိုးမြှင့်သွားရန် နှစ်ဖက်စလုံးမှ ဆွေးနွေးခဲ့ကြပြီး၊ အဆိုပါ ရည်မှန်းချက်ကို အကောင်အထည် ဖော်ရန်အတွက် ကုန်ပစ္စည်းအမယ်သစ်များ တိုးချဲ့ထုတ်လုပ်ခြင်း၊ ဆက်သွယ်ရေးကွန်ရက်များ ကောင်းမွန်အောင်ဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများကို လွယ်ကူမြန်ဆန်စေခြင်း၊ နယ်စပ်အခြေခံအဆောက်အအုံများကို မြှင့်တင်ခြင်းတို့အပြင် အာဆီယံ-အိန္ဒိယ ကုန်စည်ကုန်သွယ်ရေး သဘောတူညီချက်နှင့် အခွန်ကင်းလွတ်ခွင့်ဆိုင်ရာ အထူးအခွင့်အရေး (Duty-Free Tariff Preference) အစီအစဉ်တို့ကို အပြည့်အဝအသုံးချခြင်းတို့မှတစ်ဆင့် ဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ကြပါသည်။

ထို့ပြင် ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်မှုများတွင် ဆေးဝါးနှင့်တိုင်းရင်းဆေးကဏ္ဍ၊  စိုက်ပျိုး ရေးကဏ္ဍ၊ စွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) နှင့် ဒစ်ဂျစ်တယ်ကဏ္ဍ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကဏ္ဍတို့တွင် နှစ်ဖက် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြပါသည်။ 

နှစ်နိုင်ငံအကြား အရေးပါသော  သတင်းအချက်အလက်များကို ပုံမှန်ဖလှယ်သွားကြရန်၊ စီးပွားရေးကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်စေလွှတ်ခြင်းကို ဆက်လက်ဆောင်ရွက်ကြရန်နှင့် သဘောတူညီထားသည့် လုပ်ငန်းစဉ်များအားလုံးကို အချိန်မီ အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ဆက်လက်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

          အဆိုပါ အစည်းအဝေးသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကျိုးစီးပွားအတွက် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုတိုးတက်လာစေခြင်း၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုစီးဆင်းမှုကို ပိုမိုမြှင့်တင်နိုင်ပြီး ကဏ္ဍမျိုးစုံတွင် နှစ်ဖက်ပူးပေါင်းခြင်းဖြင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးကျေးဇူးအများဆုံးရရှိ စေမည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ကာ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ရလဒ်များကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။