ပြည်ပမှ တင်သွင်းခွင့်ပြုထားသော ဘိလပ်မြေများ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိ

နေပြည်တော် ဧပြီလ ၂၁ ရက်

   ယခုအချိန်သည် ငလျင်ဒဏ်အလွန် ပြန်လည်ထူ‌ထောင်ရေး လုပ်ငန်းအပြင် ပွင့်လင်းရာသီဖြစ်၍ နိုင်ငံတစ်ဝန်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ထိုသို့တည်ဆောက်မှုလုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သည့် ပြည်တွင်း ဘိလပ်မြေလိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ပြည်တွင်းထုတ်လုပ်မှုကို အင်အားဖြည့်တင်းပေးနိုင် ရန်အတွက် ပြည်ပမှ ဘိလပ်မြေများကို တင်သွင်းခွင့်ပြုလျက်ရှိသည်။

   ထိုသို့ဆောင်ရွက်လျက်ရှိရာ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တင်သွင်းလာသော ဘိလပ်မြေ‌ရေယာဉ်များ စဉ်ဆက်မပြတ် ရောက်ရှိလျက်ရှိပြီး ယခု တန်ချိန် ၂၄၀၀ တင်ဆောင်လာသည့်ရေယာဉ်သည် ရန်ကုန်မြို့၊ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း၊ သာကေတ ဆိပ်ခံတံတားသို့ ဧပြီ ၂၀ ရက်၊ ညနေပိုင်းတွင် ထပ်မံရောက်ရှိခဲ့၍ ယနေ့နံနက်ပိုင်း၌ ဈေးကွက်တွင်း ဖြန့်ဖြူးရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

   ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သော ဘိလပ်မြေကို တင်သွင်းခွင့်ပြုထားပြီး ယခုရေယာဉ်အပြင် ကျန်ဘိလပ်မြေ တင်ဆောင်လာသည့် ရေယာဉ်များပါ အပတ်စဉ် ဆက်လက်ရောက်ရှိလာမည်ဖြစ်ကြောင်း သတင်းရရှိသည်။