မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) သို့ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ ဇန်နဝါရီ ၃ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၅၂)၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄)သို့ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ စားသုံး သူကာကွယ်ရေးကော်မရှင်အနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၂ (က) တွင် ပြဋ္ဌာန်းသော စားသုံးသူကာကွယ်ရေးဟူသည့် အဓိပ္ပာယ်ဖော်ပြချက်နှင့်အညီ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ် များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အဓိကတာဝန်ရှိပါကြောင်း၊ ကုန်စည် နှင့်ဝန်ဆောင်မှုများကို သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် စားသုံးသူထိခိုက်နစ်နာဆုံးရှုံးမှုများကို ထိရောက်စွာကာကွယ်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဦးစားပေးကုန်စည်များကို ရွေးချယ်သတ်မှတ်၍ ဆောင်ရွက်ရုံမျှသာမက စစ်ဆေးရေးမှူးများကိုလည်း ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေးအပ်ထားပြီးဖြစ်သည့်အတွက် ကုန်စည်များကို ဘေးအန္တရာယ်ရှိ/မရှိ စောင့်ကြည့်စစ်ဆေးသွားရန် လိုအပ်ပါကြောင်း၊ စစ်ဆေးရေးမှူး များအနေဖြင့် သက်ဆိုင်ရာနယ်ပယ်အလိုက် တာဝန်ယူဆောင်ရွက်ရာတွင် လုပ်ငန်းကျွမ်းကျင်မှုရှိရန် လိုအပ်သကဲ့သို့ သက်ဆိုင်ရာလုပ်ငန်းတာဝန်များ၊ လုပ်ထုံးလုပ်နည်းများကိုလည်း ရှင်းလင်းပြတ်သားစွာ နားလည်သဘောပေါက်ကြရန် လိုအပ်ပါ ကြောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စားသုံးသူရေးရာကော်မတီများ၊ ဦးစီးမှူးရုံးများအနေဖြင့် စားသုံး သူတိုင်ကြားမှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် တိုင်ကြားသူ၏ နစ်နာဆုံးရှုံးမှု၊ ကျူးလွန်ဖောက် ဖျက်ခံရမှုအပေါ်မူတည်၍ ဥပဒေနှင့်အညီ သင့်လျော်သော အရေးယူမှုများ ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ လာမည့် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၅ ရက်တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားကိုလည်း စားသုံးသူအခွင့်အရေးများ ပိုမိုကျယ်ပြန့်စွာ သိရှိနိုင်ရေးအတွက် ရည်ရွယ်၍ ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ကျင်းပဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ယခင်လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီး စီးမှုအခြေအနေများ၊ ကော်မရှင်ကအဆုံးအဖြတ်ပေးရမည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ကော်မရှင်အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြခဲ့ရာ တင်ပြချက်များအပေါ် ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ကော်မရှင်အဖွဲ့ဝင် များက ဆွေးနွေး၍ ဆုံးဖြတ်ချက်များချမှတ်ခဲ့သည်။ အဆိုပါအစည်းအဝေးသို့ ကော်မရှင်ဒုတိယ ဥက္ကဋ္ဌများဖြစ်ကြသော ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ကော်မရှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် စီးပွားရေးရာဝန်ကြီးများက Online ဖြင့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။