ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား အများပြည်သူ ရုံးပိတ်ရက်များတွင်လည်း တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း ထိန်းချုပ်နိုင်ရေးအတွက် ကုသရေးဆိုင်ရာဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပမှတင်သွင်းခွင့် အတွက် သွင်းကုန်လိုင်စင်လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့်ပြုပေးခြင်း၊ နယ်စပ်ဒေသများမှ တင်သွင်းရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရုံးပိတ်ရက် မရှိ ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

ရုံးပိတ်ရက်ကာလအတွင်း အဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ တာဝန်ရှိသူများ ညှိနှိုင်းထားသည့် SOP များနှင့်အညီ လွယ်ကူမြန်ဆန်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

 

၃-၈-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၁၀၈၀၁) ခု၊ Test Kit (၃၃၉၄၂) ခု တို့အပါအစဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ တာချီလိတ်၊ ကန်ပိုက်တီ၊ ကော့သောင်း ကုန်သွယ်ရေးစခန်းများမှ အောက်စီဂျင်အရည် (Bowser) ယာဉ်(၁)စီးဖြင့် (၂၀)တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်) (၂၀)တန်၊ အောက်စီဂျင်ဓာတ်ငွေ့(အိုးဖြင့်) (၃၃)တန်၊ အောက်ဆီဂျင်(Generator) (၅)ခု၊ အိမ်သုံးအောက်စီဂျင်စက် (Oxygen Concentrator) (၁၂၂၄၈) ခု၊ Test Kit (၆၃၉၄၂) ခုနှင့် နှာခေါင်းစီး (Mask) (၂၁) တန် တင်သွင်းနိုင်ခဲ့ပါသည်။ အထက်ပါပစ္စည်း များအား ကုမ္ပဏီ(၃၈) ခု မှ ယာဉ်စီးရေ (၆၉) စီးဖြင့် တင်သွင်းလာခြင်းဖြစ်ပါသည်။

 

သြဂုတ်လအတွင်း ယာဉ်စီးရေ(၁၄၆)စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၁၃၃) တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်) (၃၂)တန်၊ အောက်စီဂျင်ဓာတ်ငွေ့အိုးဖြင့် (၃၈)တန်၊ အောက်ဆီဂျင်(Generator) (၅)ခု၊ အိမ်သုံးအောက်စီဂျင်စက် (Oxygen Concentrator) (၂၂၈၁၃)ခု၊ Test Kit (၁၃၅၉၄၂) ခု၊ နှာခေါင်းစီး (Mask) (၁၈၃) တန်၊ PPE (၁၀၈၄၅၄)စုံ တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။

 

ဇူလိုင်လအတွင်း ယာဉ်စီးရေ(၇၄၉)စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၇၂၇) တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်) (၅၆၇) တန်၊ အောက်စီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၁၁၄) တန်၊ အိမ်သုံးအောက်စီဂျင်စက် (Oxygen Concentrator) (၆၉၁၄၆)ခု၊ Oxygen Plant (၈) ခု၊ Oxygen Generator (၁၁) ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် (၄)ခု၊ Test Kit (၃၂၂၈၇၈) ခု၊ နှာခေါင်းစီး (Mask) (၁၁၀၄) တန် ၊ PPE (၁၈၂၉၇၅)စုံ တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာတာဝန်ရှိသူ များထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရှိရပါသည်။