ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား လေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်သွင်းခွင့်ပြုပေးလျက်ရှိ

နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေး တကြီးလိုအပ်လျက်ရှိသည့် အောက်စီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင် စက်နှင့်  ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြေညာထားသည့် ၂-၈-၂၀၂၁ ရက်မှ ၈-၈-၂၀၂၁ ရက်အထိ ရုံးပိတ်ရက်များတွင်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းများအနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်းထားမည်မဟုတ်ဘဲ ပုံမှန် အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် COVID-19 ကူးစက် ရောဂါကာကွယ်ကုသရေးပစ္စည်းများတင်သွင်းမှုများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထား သည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးမည်ဖြစ်ပြီး အဆိုပါရက်များတွင် ကုန်သွယ်ရေး ဦးစီးဌာန (ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်) တို့မှ  အွန်လိုင်း စနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားမှုများကိုလည်း ရုံးချိန်အတွင်းပုံမှန် အတိုင်းခွင့်ပြု ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ၁-၈-၂၀၂၁ ရက်နေ့စွဲဖြင့် အသိပေးကြေညာချက်ထုတ်ပြန်ထားကြောင်း သတင်းရရှိပါသည်။

 

၁-၈-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၅၈၂၂) ခု၊ Test Kit (၁၅၀၀၀) ခု တို့အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းများမှ အောက်စီဂျင်အရည်  (Bowser) ယာဉ် (၅) စီးဖြင့် (၉၅) တန်၊ အောက်စီဂျင်အရည် (အိုးဖြင့်) (၇) တန်၊ အိမ်သုံးအောက်စီဂျင်စက် (Oxygen Concentrator) (၆၃၀၆) ခု၊ နှာခေါင်းစီး (Mask) (၄၀) တန် တင်သွင်းနိုင်ခဲ့ပါသည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ (၂၃) ခု မှ ယာဉ်စီးရေ (၃၆) စီးဖြင့် တင်သွင်းလာခြင်း ဖြစ်ပါသည်။

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုစတင်မြင့်တက်လာသည့် ၁၂-၇-၂၀၂၁ မှ ၁-၈-၂၀၂၁ ရက်နေ့အထိ ယာဉ်စီးရေ(၇၈၅)စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၈၂၂) တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်) (၅၇၅) တန်၊ အောက်စီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၁၁၄) တန်၊ အိမ်သုံးအောက်စီဂျင်စက် (Oxygen Concentrator) (၇၅၄၅၂)ခု၊ Test Kit (၃၃၇၈၇၈) ခု၊ နှာခေါင်းစီး (Mask) (၁၁၄၅) တန် ၊ Oxygen Plant (၈) ခု၊ Oxygen Generator (၁၁) ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် (၄)ခု တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာတာဝန်ရှိသူ များထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရှိရပါ သည်။