ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား အများပြည်သူ အလုပ်ပိတ်ရက်ရှည်တွင် တင်သွင်းခွင့်ပြုလျှက်ရှိ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း ထိန်းချုပ်နိုင်ရေးအတွက် ကုသရေးဆိုင်ရာဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပမှတင်သွင်းခွင့် အတွက် သွင်းကုန်လိုင်စင် လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့်ပြုပေးခြင်း၊ နယ်စပ်ဒေသများမှ တင်သွင်းရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရုံးပိတ်ရက် မရှိ ဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အများပြည်သူအလုပ်ပိတ်ရက်ရှည်ဖြစ်သည့် (၂၆-၇-၂၀၂၁) ရက်နေ့မှ (၁-၈-၂၀၂၁) ရက်နေ့အထိ ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး(ရန်ကုန်)ရုံးများသို့ ပို့ကုန် သွင်းကုန် လိုင်စင် လာရောက် လျှောက်ထားမှုများကို ပုံမှန် အွန်လိုင်းစနစ်ဖြင့်ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါသည်။

၃၀-၇-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၄၈၉၆)ခု၊ Test Kit (၉၀၀) ခုတို့အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ ကော့သောင်း၊ ကျိုင်းတုံ၊ လွယ်ဂျယ် ကုန်သွယ်ရေး စခန်းများမှ အောက်စီဂျင်အရည်  (Bowser) ယာဉ် (၁) စီးဖြင့် (၁၈) တန်၊ အောက်စီဂျင်အရည် (အိုးဖြင့်) (၂၁) တန်၊ အိမ်သုံးအောက်စီဂျင်စက် (Oxygen Concentrator) (၅၃၉၉)ခု၊ နှာခေါင်းစီး (Mask) (၉၄) တန်တင်သွင်းနိုင်ခဲ့ပါသည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ (၂၉)ခုမှ ယာဉ်စီးရေ (၅၅) စီးဖြင့် တင်သွင်းလာခြင်းဖြစ်ပါသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုစတင်မြင့်တက်လာသည့် ၁၂-၇-၂၀၂၁ မှ ၃၀-၇-၂၀၂၁ ရက်နေ့အထိ ယာဉ်စီးရေ(၆၉၂)စီးဖြင့် အောက်စီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၆၈၈) တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်) (၅၅၆)တန်၊ အောက်စီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၁၁၄) တန်၊ အိမ်သုံးအောက်စီဂျင်စက် (၅၉၂၇၄)ခု၊ Test Kit (၃၀၆၉၇၈) ခု၊ နှာခေါင်းစီး (Mask) (၉၆၃) တန် ၊ Oxygen Plant (၆) ခု၊ Oxygen Generator (၁၁) ခု တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်း ဆောင်ရွက် လျှက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာတာဝန်ရှိ သူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရှိရပါသည်။