စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများအား တွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြား
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်-၃၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည့် ဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများအား လမ်းညွှန်အမှာစကားပြောကြားသည့် အခမ်းအနားသို့ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာ စကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံအနေဖြင့် ယခု အခါ ဒီမိုကရေစီအစိုးရအသစ်ကို ဖွဲ့စည်းပြီး နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒများနှင့်အညီ နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားကြမည် ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များဖြစ်သည့် နိုင်ငံနှင့်ကိုက်ညီသည့် ဈေးကွက်စီးပွား ရေးစနစ်ကိုအကောင်အထည်ဖော်ဆောင်ရွက်သွားရေး၊ ပြည်ပရောင်းတန်းဝင်ပစ္စည်းများထုတ်လုပ် နိုင်ရေးအတွက် ကုန်ထုတ်လုပ်သူများအား အားပေးဆောင်ရွက်သွားရေးနှင့် ပို့ကုန်တိုးမြှင့်နိုင်ရေး တို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
ကုန်သွယ်မှုကဏ္ဍတွင် ပို့ကုန်/ သွင်းကုန်လုပ်ငန်းများ လွယ်ကူချောမွေ့စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နယ်စပ်ကုန်သွယ်မှုမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုပိုမိုမြှင့်တင်နိုင်ရေးကိုလည်း ကြိုးပမ်းအားထုတ်ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ကုန်သွယ်မှု မူဝါဒများကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိစေရေးနှင့် ရေရှည်တည်တံ့သော ကုန်သွယ်မှု ပတ်ဝန်းကျင်ကောင်းတစ်ရပ် ဖော်ဆောင်ပေးရေးတို့ကို အလေးထား ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားလိုပါကြောင်း၊
ပြည်တွင်း စားသုံးဆီ ဖူလုံမှုရှိစေရေးနှင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို လျှော့ချနိုင်ရန် အတွက် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်စသည့် သီးနှံများအပါအဝင် စိုက်ပျိုးရေးကဏ္ဍအတွက် လိုအပ်သည့် သွင်းအားစုများ၊ လယ်ယာသုံးစက်ပစ္စည်းများကို တင်သွင်း နိုင်ရေး ပံ့ပိုးကူညီပေးသွားရမည် ဖြစ်ပါကြောင်း၊
စားသုံးသူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ပေးရေး၊ ကုန်စည်နှင့်ဝန်ဆောင် မှုလုပ်ငန်းများ လုံခြုံစိတ်ချမှုရှိစေရေး၊ ကုန်စည်အရည်အသွေးဆိုင်ရာစိစစ်ကြပ်မတ်ရေးတို့ကိုလည်း အလေးထားဆောင်ရွက်ရန် မှာကြားလိုပါကြောင်း၊
စီးပွားရေးဂေဟစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီကောင်းမွန်သည့် မူပိုင်ခွင့် ဆိုင်ရာအကာအကွယ်ပေးရေး ဥပဒေများ ပြဌာန်းထားပြီးဖြစ်သဖြင့် ၎င်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ အကာအကွယ်ပေးနိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးသွားရန် လိုအပ်မည် ဖြစ်ပါ ကြောင်း၊
ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုများ ရရှိခဲ့ပြီး ဆက်လက်တိုးတက်မှု ရရှိအောင် သက်ဆိုင် သည့် အစိုးရဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွား ကြရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် ကော်ဖီ၊ သီဟိုဠ်၊ သရက်၊ ဒူးရင်း၊ ထောပတ်စသည့် လယ်ယာထွက်ကုန်ပစ္စည်းများအား တန်းဖိုးမြှင့်ထုတ်ကုန်များအဖြစ် တိုးချဲ့တင်ပို့နိုင်ရေး၊ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်တင်ပို့နိုင်ရေးနှင့် ဈေးကွက်ရရှိနိုင်ရေးတို့ အတွက် ပြည်ပနိုင်ငံများသို့ စေလွှတ်ထားသည့် စီးပွားရေးသံမှူးများကို တာဝန်ပေးပြီး ချိတ်ဆက် ဆောင်ရွက်သွားရန် ပြောကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ သီလဝါအထူးစီးပွားရေးဇုန်နှင့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
