မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနှင့် ပဲစင်းငုံ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ သက်တမ်းတိုးမြှင့်သည့် အပြန်အလှန်အတည်ပြုလွှာ Exchange of Letters လဲလှယ်သည့် အခမ်းအနားကျင်းပ
နေပြည်တော် ဧပြီလ ၉
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနှင့်ပဲစင်းငုံကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ သက်တမ်းတိုးမြှင့်သည့် အပြန်အလှန်အတည်ပြုလွှာ Exchange of Letters လဲလှယ်သည့် အခမ်းအနားကို ယနေ့ ညပိုင်းက နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းတို့မှ တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဘက်မှ ပြည်ပရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် အိန္ဒိယသမ္မတနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး HE Mr. Kirit Vardhan Singh တို့က အမှာစကား ပြောကြားကြသည်။
ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်သွင်ဦး နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Sh. Abhay Thakur တို့က မတ်ပဲ နှင့် ပဲစင်းငုံ အပြန် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအား သက်တမ်းတိုးမြှင့်သည့် အပြန်အလှန်အတည်ပြုလွှာကို လဲလှယ်ကြသည်။
မြန်မာနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံ၊ စားသုံးသူ ရေးရာ၊ အစားအသောက်နှင့် ပြန့်ဖြူးရေးဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် မတ်ပဲနှင့် ပဲစင်းငုံ ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအား ၂ဝ၃၀-၂၀၃၁ ဘဏ္ဍာနှစ် အထိ ၅ နှစ်သက်တမ်းတိုးမြှင့်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ မတ်ပဲတန်ချိန် ၂ ဒသမ ၅ သိန်းနှင့် ပဲစင်းငုံ တန်ချိန် ၁ သိန်း နှစ်စဉ်တင်ပို့ခွင့်ရရှိမည် ဖြစ်ပြီး မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများ၊ ကုန်သည်များနှင့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့်လည်း ၎င်းတို့၏ စိုက်ပျိုးထုတ်လုပ်တင်ပို့မှုများ အတွက် ယုံကြည်စိတ်ချရမှုကို မြင့်တက်စေမည်ဖြစ်သည်။ ထို့ပြင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ အကြားရှိထားပြီးဖြစ်သော ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည် ယုံကြည်မှုတို့ ပိုမိုခိုင်မာလာစေသည့်အပြင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် လမ်းစသစ်များကို ဖော်ဆောင်ပေးနိုင်သော ဆွေးနွေးမှုများနှင့် ကောင်းမွန်သောရလဒ်များ ရရှိခဲ့ေကြာင်းသိရသည်။
အခမ်း အနားအပြီးတွင် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာ၀န်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား Park Royal Hotel ၌ ညစာဖြင့် တည်ခင်းဧည်ခံခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
