အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကျင်းပ

အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် (၁၀:၀၀) နာရီက နေပြည်တော်၊ ရုံးအမှတ် (၃)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်ရာ အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် ပူးတွဲဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်တို့က တက်ရောက်၍ အမှာစကားအသီးသီးပြောကြားခဲ့ပါသည်။

အစည်းအဝေး၌ အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၊ အတွင်းရေးမှူးက ယခင်ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား အစီရင်ခံတင်ပြခြင်း၊ ကော်မတီအောက်ရှိ လုပ်ငန်းအဖွဲ့အသီးသီးမှ လုပ်ငန်းအဖွဲ့အလိုက် တာဝန်ယူ ဆောင်ရွက်သည့် အစီအမံများအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အသေးစိတ်ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပါသည်။ 

ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် အကောင်အထည်ဖော်ရန် ကျန်ရှိနေသည့် အစီအမံများအား သတ်မှတ်အချိန်အတွင်း ပြီးမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အတူတကွ ဝိုင်းဝန်းဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းအဖွဲ့များက လုပ်ငန်းစဉ်တစ်လျှောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်သွားကြရန် ကော်မတီဥက္ကဋ္ဌများက တိုက်တွန်းပြောကြားခဲ့သည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက်အရ ဖွဲ့စည်းထားသော အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ အောက်ရှိ လုပ်ငန်းအဖွဲ့များ၏ တိုးတက်ဖြစ်ပေါ်မှုအခြေအနေများ၊ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား စိစစ်သုံးသပ်နိုင်ရန်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များချမှတ်အကောင် အထည်ဖော်ဆောင်ရွက်ရန် စသည့်ရည်ရွယ်ချက်များဖြင့် အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါသည်။

အစည်းအဝေးသို့ ကော်မတီအဖွဲ့ဝင်များနှင့် ကော်မတီအောက်ရှိ လုပ်ငန်းအဖွဲ့များမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ခံအရာရှိများနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။