မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီအစည်းအဝေး (၁/၂၀၂၆) သို့ တက်ရောက် အဖွင့်အမှာစကားပြောကြား

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့၊ ၁၄:၀၀ နာရီအချိန်တွင် ရုံးအမှတ်- ၃၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ-၁ ၌ ကျင်းပပြုလုပ်ခဲ့သည့် မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအစည်းအဝေး ၁/၂၀၂၆ သို့ မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။ 

မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီ သည် မူပိုင်ခွင့်လျှောက်ထားချက်များနှင့်စပ်လျဉ်း၍ မှတ်ပုံတင်အရာရှိ၏ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း စသည့်ဆုံးဖြတ်ချက်အပေါ် မကျေနပ်၍ အယူခံဝင်မှုများအား အဓိကအဆုံးအဖြတ်ပြုသည့် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီနှင့် မူပိုင်ခွင့်ဦးစီးဌာနတို့အကြား ညှိနှိုင်းပေါင်းစပ်ပေးသည့် အဖွဲ့အစည်း ဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း မူပိုင်ခွင့် ဆိုင်ရာအေဂျင်စီအစည်းအဝေးများ ၅ ကြိမ်ကျင်းပနိုင်ခဲ့ပြီး ဆုံးဖြတ်ချက် ၃၉ ခုကို ချမှတ်နိုင်ခဲ့ပါကြောင်း၊  ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအထိ အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်ထားချက်ပေါင်း ၆၇,၃၆၉ ခုရှိပြီး မှတ်ပုံတင် လက်မှတ်ပေါင်း ၁၂,၁၇၈ ခုကို ထုတ်ပေးနိုင်ခဲ့ပါ ကြောင်း၊ ကန့်ကွက်ချက်များအပေါ် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေပုဒ်မ ၂၈ ပုဒ်မခွဲ ခ အရ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းကို   များမကြာမီအချိန်အတွင်း အဆုံးအဖြတ်ပြုရမည်ဖြစ်သည့်အတွက် အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေပါ ကန့်ကွက်ခြင်းဆိုင်ရာဆောင်ရွက်မည့် နည်းလမ်းများနှင့်အညီ စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း၊  မှတ်ပုံတင်အရာရှိ၏ ဆုံးဖြတ်ချက်အပေါ် မကျေနပ်ပါက အေဂျင်စီထံ အယူခံဝင်လာသည့်အမှုများကို ဖြေရှင်းနိုင်ရေးအတွက် ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဆိုင်ရာအယူခံ စစ်ဆေးရေးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းနိုင်ရန်နှင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ပညာရှင်ရရှိရေးကို ဆောင်ရွက်လျက်ရှိပြီး အယူခံလျှောက်လွှာများ စနစ်တကျလက်ခံ ဆောင်ရွက်နိုင်ရန်အတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရေးဆွဲပြုစု လျက်ရှိပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့မှစတင်၍ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်း-CMO များ ဖွဲ့စည်းဆောင်ရွက်၍ လျှောက်ထားနိုင်ကြောင်းကို မူပိုင်ခွင့်ဦးစီးဌာန၏ Website နှင့် မြန်မာ့အလင်းသတင်းစာတို့တွင် ကြေညာခဲ့ပြီး CMO လျှောက်ထားခြင်းများကို စိစစ်ဆောင်ရွက်နိုင်ရန် လုပ်ငန်းအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ မူပိုင်ခွင့် ဆိုင်ရာအေဂျင်စီလိုဂိုအတွက်  ယှဉ်ပြိုင်သူများထံမှပေးပို့လာသော လိုဂိုဒီဇိုင်းများအနက် ဆုရလက်ရာရှင် ကို မကြာမီရွေးချယ်သွားမည်ဖြစ်ပါကြောင်းနှင့် အဖွဲ့ဝင်များအနေဖြင့် အစည်းအဝေးသို့ တင်ပြထား သည့် အမှာစာများအပေါ်တွင် ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီအတွင်းရေးမှူးမှ အေဂျင်စီသို့ တင်ပြသည့် အမှာစာများအား ဖတ်ကြားတင်ပြပြီး တက်ရောက်လာသည့် အေဂျင်စီအဖွဲ့ဝင်များမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

      ထို့နောက် အေဂျင်စီအဖွဲ့ဝင်များ၊ မူပိုင်ခွင့်ပညာရှင်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြခဲ့ရာ မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။