စတုတ္ထအကြိမ်မြောက် South Asia Agri Forum 2026 အခမ်းအနားကျင်းပ

    ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်၊ နံနက် ၀၉:၀၀ နာရီတွင် ရန်ကုန်မြို့၊ Novotel Hotel  မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် စတုတ္ထအကြိမ်မြောက် South Asia Agri Forum (2026) အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းတို့ တက်ရောက်ချီးမြှင့်ခဲ့ပါသည်။

    အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာ South Asia Agri Forum 2026 ကို ကျင်းပပြုလုပ်ခြင်းအားဖြင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာအားကောင်းလာစေပြီး နှစ်နိုင်ငံ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် အခွင့်အလမ်းသစ်များ တိုးပွားလာစေပါကြောင်း၊  မြန်မာနိုင်ငံအနေဖြင့် မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် ပဲမျိုးစုံ၊ မတ်ပဲနှင့် ပဲစဉ်းငုံတို့ကို အိန္ဒိယနိုင်ငံသို့ အဓိကထားတင်ပို့ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံသို့ ‌ပဲမျိုးစုံတင်ပို့မှုအပြင် ပြောင်း၊ ရေထွက်ကုန်ပစ္စည်းများ၊ မြေပဲ၊ သစ်နှင့် ရော်ဘာစသည့်အခြားထုတ်ကုန်များ တင်ပို့လျက်ရှိကြောင်း၊ အပြန်အလှန်အားဖြင့် မြန်မာ နိုင်ငံ၏ စီးပွားရေးကဏ္ဍ အထောက်အကူပြုစေရေးအတွက် ဆေးဝါးပစ္စည်းများ၊ စက်မှုလုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများကို အိန္ဒိယနိုင်ငံမှ  တင်သွင်းလျက်ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံ၏ အကောက်ခွန်ကင်းလွတ်ခွင့်ဆိုင်ရာမူဝါဒနှင့် ASEAN- India စီးပွားရေးမူဘောင်များအရ နှစ်နိုင်ငံစီးပွားရေးအခွင့်အလမ်းများ လွယ်ကူချောမွေ့စေပါကြောင်း၊ နှစ်နိုင်ငံအကြား ပဲမျိုးစုံတင်ပို့မှုဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံဆန်စပါး တင်ပို့မှု၊ ငွေကြေး၊ ဘဏ်ကိစ္စရပ်များ ပိုမိုအဆင်ပြေချောမွေ့လာစေပြီး မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား လက်ရှိပူးပေါင်းဆောင်ရွက်နေမှုများ ပိုမိုလေးနက်ခိုင်မာအားကောင်းလာစေမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

    စတုတ္ထအကြိမ်မြောက် South Asia Agri Forum 2026 ကို ရန်ကုန်မြို့၊ Novotel Hotel  ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့မှ (၂၃) ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံစားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် H.E Mrs Nidhi Khare ၊ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး H.E Mr. Abhay Thakur ၊ ပြည်ထောင်သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၊ Oversea Agro Traders Association (OATA Myanmar) Bharat Subcontinent Agri Foundation (BSAF) တို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ပဲမျိုးစုံတင်ပို့ သည့်ကုမ္ပဏီများ၊ ကနေဒါ၊ ဩစတြေးလျ၊ အမေရိကန်ပြည်ထောင်စု၊ ဘရာဇီး၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ စင်္ကာပူ၊ ရှရှား၊ သီရိလင်္ကာ၊ အိန္ဒိယ၊  တန်ဇန်းနီးယား၊ ယူအေအီး နှင့် ဥရောပသမဂ္ဂမှ နိုင်ငံအချို့အပါအဝင်ပြည်ပလုပ်ငန်းရှင် ၁၆၁ ဦး၊ ပြည်တွင်းရှိ ကောက်ပဲ သီးနှံများကို တစိုက်မတ်မတ် ဝယ်ယူပေးနေသည့် ပြည်ပကုန်ဝယ်သူ ၄၆ ဦးနှင့် မြန်မာနိုင်ငံမှ ကောက်ပဲသီးနှံအား စိုက်ပျိုးသည်မှသည် ပြည်ပတင်ပို့သည့် လမ်းကြောင်းတစ်လျှောက် ပါဝင်လုပ်ကိုင်နေသည့် အထူးဖိတ်ကြားထားသူများ၊ ဘဏ်များ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ဆိပ်ကမ်းနှင့်သင်္ဘောလိုင်းများမှ ပြည်တွင်း/ ပြည်ပပညာရှင်များ၊ စုစုပေါင်း ၄၅၅ ဦး တက်ရောက်ခဲ့ကြသည်။

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းသည် စတုတ္ထအကြိမ်မြောက် South Asia Agri Forum (2026) သို့ တက်ရောက်ရန်လာ‌ရောက်သည့် အိန္ဒိယနိုင်ငံ၊ စားသုံးသူရေးရာ၊ အစားအသောက်နှင့် ဖြန့်ဖြူးရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ Secretary ဖြစ်သူ H.E. Mrs.  Nidhi Khare အား ရန်ကုန်မြို့၊ Novotel Hotel ရှိ အစည်းအဝေးခန်းမ၌ မွန်းလွဲပိုင်းတွင် လက်ခံတွေ့ဆုံသည်။ 

     ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်နိုင်ရေး၊ ၂၀၂၆ ခုနှစ်၊ နှစ်ဆန်းကာလတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံပြီး နဝမ အကြိမ်မြောက် မြန်မာ-အိန္ဒိယကုန်သွယ်ရေး ပူးတွဲကော်မတီအစည်းအဝေး၊ မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲနှင့် South Asia Agri Forum (2026) တို့အား ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းမှာ မိမိတို့ နှစ်နိုင်ငံအကြား ဆက်ဆံရေးခိုင်မြဲကောင်းမွန်သည့် ပြယုဂ်တစ်ခုဖြစ်ကြောင်း၊ ရှိရင်းစွဲ ကောင်းမွန်သည့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးမြှင့်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနှင့် ပဲစင်းငုံ ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာအား သက်တမ်းတိုးမြှင့်နိုင်ရေး၊ မတ်ပဲနှင့် ပဲစင်းငုံအပါအဝင် ပဲမျိုးစုံ၊ အခြားဆီထွက်သီးနှံများ၊ ဝါဂွမ်းနှင့် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများအား အိန္ဒိယနိုင်ငံသို့ ပိုမိုတင်ပို့သွားနိုင်ရေးနှင့် မြန်မာနိုင်ငံမှစိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ နိုင်ငံတကာအဆင့်မီ အရည်အသွေးပြည့်ဝ ကောင်းမွန်စေရန်အတွက် နည်းပညာပိုင်းဆိုင်ရာပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ရူပီး-ကျပ် ငွေပေးချေမှုအား ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။