မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) သို့ ကော်မရှင်ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ တက်ရောက်အမှာစကားပြောကြား
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့၊ မွန်းလွဲပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၅၂) ၌ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) သို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ နှင့် စားသုံးသူကာကွယ်ရေးနည်းဥပဒေ ၂၀၂၂ တို့ကို ထုတ်ပြန်ပြဋ္ဌာန်းထားပြီး စားသုံးသူကာကွယ်ရေး လုပ်ငန်းများအား သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော စားသုံးသူကာကွယ်ရေး အသင်းအဖွဲ့များ၊ ပုဂ္ဂလိကကဏ္ဍမှ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသုံးသူကာကွယ်ရေးသည် ပြည်သူအားလုံးနှင့် သက်ဆိုင်ပြီး စားသုံး သူအခွင့်အရေးများကို အကာအကွယ်ပေးရာတွင် အခြားဆက်စပ်သော ဥပဒေများနှင့်ပါ အကာ အကွယ်ပေးနိုင်ရန် လိုအပ်သဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ စားသုံးသူ ကာကွယ်ရေးနှင့်စပ်လျဉ်းပြီး ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ အွန်လိုင်းရောင်းချခြင်းဆိုင်ရာ ညွှန်ကြားချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကျင့်ဝတ်များကိုလည်း ပြည်သူအများ သိရှိနိုင်ရန် အသိပညာပေး အစီအစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊
စီးပွားရေးလုပ်ငန်းရှင်များက တင်ပြလာသည့် ၎င်းတို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော ကုန်စည်များ၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ညွှန်ကြားချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စားသုံးသူရေးရာဦးစီးဌာနက စိစစ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၉ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ကုန်စည်စုစုပေါင်း ၂၀,၁၅၅ မျိုးကို စိစစ်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ စားသုံးသူတိုင်ကြားမှုစုစုပေါင်း ၂၈၅ မှုအနက် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် တိုင်ကြားမှု အများဆုံးဖြစ်ပြီး တိုင်ကြားမှုအများဆုံးမှာ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေး ဝန်ဆောင်မှုများဖြစ်သည်ကို တွေ့ရှိ ရပါကြောင်း၊ တိုင်ကြားမှုများ များပြားရခြင်းအပေါ် စိစစ်သုံးသပ်ပြီး အသိပညာပေးမှုနှင့် လိုအပ်သော အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ စစ်ဆေးရေးအရာရှိ ၅၆၆ ဦးကို ခန့်အပ်ထားပြီးဖြစ်ပါကြောင်း၊
ထုတ်လုပ်သူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများ၏ လိုအပ်ချက်နှင့် လိုအင် ဆန္ဒကို ဖြည့်ဆည်းပေးနိုင်သည့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ပေးအပ်နိုင်ပါက မျှတသည့် ဈေးကွက်တစ်ခုကို ပုံဖော်နိုင်မည်ဖြစ်သည့်အပြင် ရေရှည်ရပ်တည်နိုင်မည်လည်း ဖြစ်ပါကြောင်း၊ ၂၀၂၆ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်ဆောင်ပုဒ်အဖြစ် Safe Products, Confident Consumers ဟုသတ်မှတ်ထားပါကြောင်း၊ မတ်လ ၁၅ ရက်နေ့ကို ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့အဖြစ် သတ်မှတ်ထားရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ ကျင်းပသွားမည့် စားသုံးသူ အခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများကို ပြည်သူအားလုံး ဝိုင်းဝန်းအားလုံးပူးပေါင်းဆောင်ရွက် သွားဖို့ တိုက်တွန်းပြောကြားပါသည်။
ထို့နောက် ကော်မရှင်အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ယခင်အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ကော်မရှင်ကဆုံးဖြတ်ပေးရမည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ရာ တင်ပြချက်များအပေါ် ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အကြံပြုဆွေးနွေးကြသည်။
အဆိုပါအစည်းအဝေးသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စားသုံးသူရေးရာ ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် နေပြည်တော် ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
