စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးအထောက်အကူပြုပစ္စည်းများ တင်သွင်းမှုမှသည် ထုတ်လုပ်မှုဆီသို့ ညှိနှိုင်းအစည်းအဝေးပွဲသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား

နေပြည်တော်၊ နိုဝင်ဘာ ၂၄     

              မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးအထောက်အကူပြုပစ္စည်းများ တင်သွင်းမှု မှသည် ထုတ်လုပ်မှုဆီသို့ ညှိနှိုင်းအစည်းအဝေးပွဲကို ယနေ့မွန်းလွဲ (၁၃:၀၀) နာရီတွင် ရုံးအမှတ် ၃၊ နေပြည်တော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။

       ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက အမှာစကားပြောကြားရာတွင် ကျန်းမာရေးကဏ္ဍကို အထောက်အကူပြုနိုင်ရန်အတွက် ဆေးဝါးနှင့်ဆေးပစ္စည်းများ လုံလောက်စွာရရှိရေး၊ ပြည်တွင်း၌ ဆေးဝါးနှင့်ဆေးရုံသုံးအထောက်အကူပစ္စည်းများ တိုးတက်ထုတ်လုပ်စေရေး၊ ဆေးဝါးကုန်ကြမ်း ထောက်ပံ့မှုနှင့် Supply Chain တည်ငြိမ်စေရေး၊ ‌ဆေးဝါးများနှင့် ဆေးရုံသုံးပစ္စည်းများ အရေးပေါ် လိုအပ်ချက်ရှိပါက အလွယ်တကူရရှိစေရေးတို့ကို နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ဆက်စပ်ဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် စဉ်ဆက် မပြတ် အားပေးလျက်ရှိပါကြောင်း၊ ရောဂါရှာဖွေခြင်းနှင့် အဆင့်မီဆေးကုသမှုခံနိုင်ရေးအတွက် ဆေးဝါးများနှင့် ခေတ်မီဆေးပစ္စည်းကိရိယာများကို ကျန်းမာရေးဝန်ကြီးဌာန၏ ထောက်ခံချက်နှင့် အတူ စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ ပြည်တွင်း ဆေးဝါးစက်ရုံများအတွက် လိုအပ်လျက်ရှိသော ကုန်ကြမ်းများကိုလည်း စက်ရုံ၏ ထုတ်လုပ်နိုင်စွမ်းကို အခြေခံပြီး တင်သွင်းနိုင်ရေး ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ 

        စာရင်းများစိစစ်ချက်အရ ဆေးဝါးကုမ္ပဏီ ၇၉၆ ခု၊ ဆေးပစ္စည်းကုမ္ပဏီ ၆၄၆ ခုရှိပြီး ကုမ္ပဏီများ၏ လျှောက်ထားပစ္စည်းများကို ဆေးရုံများနှင့် ဈေးကွက်လိုအပ်ချက်အပေါ် မူတည်၍  ဦးစားပေးအနေဖြင့် ခွင့်ပြုပေးနေသော်လည်း ဈေးကွက်အတွင်း၌ ဆေးဝါးဈေးနှုန်းများ ကျဆင်းလာခြင်း မရှိသေးသလို ဆေးပစ္စည်းလိုအပ်ချက်များကိုလည်း ကြားသိနေရပါကြောင်း၊ ပုံမှန်လိုင်စင်ခွင့်ပြုပေး နေသည့်တိုင် ကုမ္ပဏီအချို့၏ သွင်းကုန်ပစ္စည်းကိုထိန်းပြီး စျေးနှုန်းကစားလိုမှု၊ ရောက်ရှိပစ္စည်းကို ဈေးကွက်အတွင်း ထိန်းကျောင်းဖြန့်ဖြူးမှုတို့ကြောင့် ခွင့်ပြုသည့်ဆေးဝါးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာမှုလျော့နည်းရခြင်းဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ စျေးကွက်သဘောတရားအရ အရင်း အနှီးနှင့် စွမ်းဆောင်ရည်မြင့်မားသည့် ကုမ္ပဏီကြီးများအနေဖြင့် စျေးကွက်ကို လွှမ်းမိုးသည့်အခြေအနေ (Dominant Postion) ကို ပိုင်ဆိုင်နိုင်ကြကြောင်း၊ သို့ရာတွင် စျေးကွက်လွှမ်းမိုးထားသည့်အခြေအနေကို အသာစီးရယူပြီး ဆေးပစ္စည်းများ သိုလှောင်ထိန်းသိမ်းကာ ဈေးကွက်ကို မကစားကြရန်၊ စျေးနှုန်း ထိန်းချုပ်ခြင်း မပြုလုပ်ကြရန်၊ အခြားပြိုင်ဖက်ကုမ္ပဏီများအား လုပ်ကိုင်နိုင်စွမ်းမရှိအောင် မပြုလုပ်ကြရန် အသိပေးပြောကြားလိုကြောင်း၊ ဆေးပစ္စည်းရောင်းချခြင်းသည် ပရဟိတဆန်သော စီးပွားရေး လုပ်ငန်းတစ်ခုလည်းဖြစ်ပါကြောင်း၊ ကုမ္ပဏီတစ်ခုနှင့်တစ်ခု ထိန်းကျောင်းပြီး ပြည်သူ့လူမှုဘဝ တိုးတက်စေရေးကို မေတ္တာထားကာ ကုမ္ပဏီအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း၊

        ပြည်တွင်းဆေးဝါးစက်ရုံများအနေဖြင့် ပြည်တွင်း၌ ဆေးအမျိုးအစားယခုထက်ပိုမို၍ စုံလင်ပြီး ထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံတော်အတွက် နိုင်ငံခြားငွေအသုံးပြုမှု လျော့ကျသွားမည်ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုလာမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် ထုတ်လုပ်သည့် ပုဂ္ဂလိကလုပ်ငန်းရှင်အတွက်သာမက ပြည်သူများ၏ ကျန်းမာရေးကဏ္ဍကိုပါ အထောက်အကူပြုနိုင် မည်ဖြစ်ပြီး Win-Win-Win (Triple Win) ကို ရရှိစေမည် ဖြစ်ပါကြောင်း၊ ပြည်တွင်းတွင် ဆေးဝါး အမယ်များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်သည့်ကုန်ကြမ်းနှင့် စက်ပစ္စည်းများအား တင်သွင်းနိုင်ရန် သက်ဆိုင်ရာဌာနများက ဌာနအလိုက်ချမှတ်ထားသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်း များနှင့်အညီ လိုအပ်သည့် ပံ့ပိုးမှုများဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်းနှင့် ယနေ့ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အသင်း ၂ သင်းမှ ကိုယ်စားလှယ်များအနေဖြင့် အမြင်ချင်းဖလှယ်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြပါရန် မှာကြားခဲ့ပါသည်။

        ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းတို့က ပြည်သူများသို့ ဝန်ဆောင်မှု ပေးနေမှုအခြေအနေ၊ ဆေးဝါးထောက်ပံ့ပေးနိုင်မှုနှင့် ဆေးဝါးပစ္စည်းများ တင်သွင်းပေးနိုင်မှုအခြေ အနေများအား ရှင်းလင်းဆွေးနွေးကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းထုတ်လုပ်သူ များအသင်းတို့မှ တာဝန်ရှိသူများက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေး ပြီး လိုအပ်သည်များအား ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပါသည်။

         အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆေးနှင့် ‌ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းထုတ်လုပ်သူများအသင်းတို့မှ တာဝန်ရှိသူများ စုစုပေါင်း (၁၁၁) ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။