မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်း အဖွဲ့၏ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်၊ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်၊ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေတို့ တက်ရောက်အမှာစကား ပြောကြားသည်။
ဦးစွာမြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက သီလဝါအထူးစီးပွားရေးဇုန်တွင် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ပပို့ကုန်မြင့်တက်အောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ကုန်သွယ်ရေးလိုငွေပြမှုကို နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ MSMEs ကဏ္ဍဖွံ့ဖြိုးတိုးတက်လာရန်အတွက် ဇုန်အတွင်းရှိ လုပ်ငန်းများက ပြည်တွင်းရှိ MSMEs လုပ်ငန်းများနှင့် ပိုမိုချိတ်ဆက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်းအတွက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံမည့်သူများအား မြန်မာအထူး စီးပွားရေးဇုန် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ပေးရန်ပြောကြားသည်။
ဆက်လက်၍ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌက သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာရေး ဆက်လက်ကြိုးစား ဆောင်ရွက်လိုကြောင်း၊ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းနှင့်ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ပူးပေါင်းဆောင်ရွက်ပေးသည့်အတွက်ကျေးဇူးတင် ရှိကြောင်းနှင့် ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးစေလိုကြောင်းပြောကြားသည်။
ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ယခင်ကျင်းပခဲ့သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပထမအကြိမ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ သီလဝါအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူး စီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများက အမှာစာများကို ဖတ်ကြားတင်ပြကြပြီး မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ဝင်များက ဇုန်တစ်ခုချင်းအလိုက် လုပ်ငန်း ဆောင်ရွက်ပေးနေမှု အခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးကာ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့အဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
