စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ရေထွက်ပစ္စည်း မွေးမြူထုတ်လုပ်နေမှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးချစ်ဆွေသည် ယနေ့နံနက်ပိုင်းက  ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်အမှာစကားပြောကြားသည်။

ရှေဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက အမှာစကားပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာထွက်ပို့ကုန်သီးနှံများ အများဆုံးစိုက်ပျိုးထုတ်လုပ်သည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ အဓိက လယ်ယာထွက်ကုန်များဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်းနှင့် ရေထွက်ကုန်များကို ပြည်ပသို့ နှစ်စဉ်တင်ပို့၍ နိုင်ငံခြားဝင်ငွေရရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာထွက်ကုန်သီးနှံများကို တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ်ပြောင်းလဲထုတ်လုပ်ပြီး ပြည်ပသို့တိုးမြှင့်တင်ပို့နိုင်ရေးနှင့် မြန်မာ့ပေါ်ဆန်းကို ကမ္ဘာ့ဈေးကွက်သို့ အဆင့်မီတင်ပို့နိုင်ရေး၊ ဝန်ကြီးဌာနအနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။

ထို့အပြင် ဒေသတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည့် စက်ပစ္စည်းနှင့် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို ပြည်ပမှ တင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်း၊ MSMEs လုပ်ငန်းများမှထွက်ရှိသော ပစ္စည်းများမှာ များစွာတိုးတက်ကောင်းမွန်လာပြီဖြစ်၍ ဈေးကွက်အတွင်း ရောင်းအားတိုးမြင့်လာသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူအသုံးပြုနိုင်ရေးအတွက် ပြည်ပမှ စာအုံးဆီများကို လုံလောက်အောင် တင်သွင်းဖြန့်ဖြူးရောင်းချ ပေးလျက်ရှိရာ တာဝန်ရှိသူများအနေဖြင့် ပြည်သူလက်ဝယ်ရောက်ရှိအောင် စနစ်တကျဖြန့်ဖြူးပေးရန်လိုအပ်ပါကြောင်းနှင့် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ကဏ္ဍအလိုက် ဖွဲ့စည်းထားသည့် အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ 

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ပဲနှမ်းအသင်းဥက္ကဋ္ဌ၊ ဟင်္သာတမြို့နယ် ဆန်စက်ပိုင်ရှင် များအသင်းဥက္ကဋ္ဌနှင့် ဟင်္သာတမြို့ ဆီစက်ပိုင်ပိုင်ရှင်များအသင်းဥက္ကဋ္ဌတို့က သီးနှံများကြိတ်ခွဲထုတ် လုပ်တင်ပို့နိုင်မှု၊ ပြည်တွင်းသို့ ဖြန့်ဖြူးပေးနိုင်မှုတို့အား တင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြည့်စွက်ဆွေးနွေးပြီး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရှိ Global Earth Agro & Aqua Industry Public Co., Ltd ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ များကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် Global Earth Agro & Aqua Industry Public Co., Ltd ဥက္ကဋ္ဌ ဦးဋ္ဌေးမြင့်က လုပ်ငန်းစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုနှင့် ခေတ်မီနည်းစနစ်များဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းအား အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ နိုင်ငံတော်မှချမှတ်ပေးထားသည့် စီးပွားရေးဦးတည်ချက်များနှင့်အညီ ရည်မှန်းချက်များချမှတ်၍ အကောင်အထည်ဆောင်ရွက်နေမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံစက်မှု စီးပွားရေးလုပ်ငန်းတွင်ပါဝင်သည့် လုပ်ငန်းစဉ်များနှင့် လုပ်ငန်းစဉ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ငါးသားဖောက်ခြင်း Smart Hatchery & Nursery ကို အဆင့်လိုက် ဆောင်ရွက်လျက်ရှိမှု၊ ငါးသားပေါက်များအား ပြုစု မွေးမြူ ခြင်း Smart Grow Out Farm စမ်းသပ်ဆောင်ရွက်လျက်ရှိမှုနှင့် စမ်းသပ်ဆောင်ရွက်ခြင်း၏ ရလာဒ်များ၊ လုပ်ငန်းစတင် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ခဲ့မှုမှတ်တမ်းများ၊ နိုင်ငံတကာစံညွှန်းများ နှင့်အညီ ငါးအစာ Feed Factory တည်ဆောက်မှုလုပ်ငန်းစဉ်များ၊ Seafood Processing & Cold Storage Plant ဆောင်ရွက်လျက်ရှိမှု၊ စက်ပစ္စည်းကိရိယာများ စတင်တပ်ဆင်ဆောင်ရွက်လျက်ရှိမှု၊ စပါးခွံသုံး Biomass Power Plant ထည့်သွင်း တည်ဆောက်ထားရှိသဖြင့် ကိုယ်ပိုင်လျှပ်စစ်စွမ်းအား ထုတ်လုပ်နိုင်သည့်အပြင် ငါးထုတ်ကုန်များကို အလေအလွင့်လုံးဝမရှိသည်အထိ အဆင့်မြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးစီမံဆောင်ရွက်ထားရှိမှု၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်မှုနှင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်တက်လာစေရေး ပြုစုပျိုးထောင်ပေးလျက်ရှိမှုအခြေအနေတို့အား ရှင်းလင်းပြသခဲ့ပါသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် လုပ်ငန်းခွင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။