စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း နယ်စပ်ကုန်သွယ်မှုများဆောင်ရွက်ရာတွင် လိုက်နာရမည့် လုပ်ငန်းစဉ်များအကြောင်း သင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့၊ နံနက် ၉:၃၀ နာရီအချိန်တွင် ရန်ကုန်မြို့ရှိ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး၊ ညီလာခံခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည့် နယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် လုပ်ငန်းစဉ်များ အကြောင်းသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း တက်ရောက်အဖွင့်အမှာစကား ပြောကြား ခဲ့သည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမင်းမင်းက ယခုဖွင့်လှစ်ပို့ချမည့် သင်တန်းသည် မြန်မာ နိုင်ငံနှင့်ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံ ကုန်သွယ်မှုဆောင်ရွက်ရာတွင် ရနောင်း-ကော့သောင်း-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး၊ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး၊ တရားမဝင် ကုန်သွယ်မှု လျော့နည်းပပျောက်စေရေး၊ ကုန်သည်လုပ်ငန်းရှင် များ၏ ကုန်သွယ်မှုဆိုင်ရာ အခက်အခဲများအား ဖြေရှင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း၊ သင်တန်းတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးသင်ကြားပို့ချ ပေးသွားမည် ဖြစ်သည့်အတွက် အကျိုးရှိမည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ သင်ကြားပို့ချမည့် ဘာသာရပ်များအား မိမိတို့ဝန်ကြီးဌာနအပြင် ကုန်သွယ်မှုနှင့် ဆက်နွယ်နေသော အခြားဝန်ကြီးဌာန များမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ပြင်ပဘာသာရပ် ကျွမ်းကျင်သူ ပညာရှင်များက လုပ်ငန်းနယ်ပယ် အသီးသီးရှိ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းစည်းကမ်း သတ်မှတ် ချက်များကို အလေးထား သင်ကြားပို့ချပေးသွားမည် ဖြစ်သည့်အတွက် သင်တန်းသားများ အနေဖြင့် ပို့ချမှုများအား စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြစေလိုပါကြောင်းနှင့် အပြန်အလှန် ဆွေးနွေး ခြင်းဖြင့် မိမိတို့အတွက် အကျိုးကျေးဇူး များစွာရရှိအောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြား ခဲ့သည်။
အဆိုပါသင်တန်းအား ၅ ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး စုစုပေါင်းသင်တန်းသားဦးရေ ၅၆ ဦး တက်ရောက်သွားမည်ဖြစ်သည်။
သင်တန်းဖွင့်ပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူ များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။