ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ သီလဝါအထူးစီးပွားရေးဇုန်သို့ သွားရောက်
နေပြည်တော်၊ ဩဂုတ် ၂၁
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် သီလဝါအထူးစီးပွားရေးဇုန်သို့ ရောက်ရှိ၍ အထူးစီးပွားရေးဇုန်တာဝန်ရှိသူ များနှင့် ရင်းနှီးမြှုပ်နှံသူများအား တွေ့ဆုံခဲ့ပါသည်။
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌသည် သီလဝါအထူးစီးပွားရေးဇုန် သို့ ရောက်ရှိစဉ် သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းက လက်ရှိ သီလဝါအထူးစီးရေးဇုန်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ယခုလိုမိမိတို့အဖွဲ့လာရောက်ခြင်းသည် အထူးစီးပွားရေး ဇုန်အတွင်းရှိ လုပ်ငန်းများကောင်းမွန်စွာ ဆောင်ရွက်နိုင်ရေးအားပေးရန် လာရောက်ခြင်းဖြစ် ကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်သည် အောင်မြင်သော စီးပွားရေးဇုန်တစ်ခုဖြစ်ပြီး တိုးတက်မှုရှိပြီးဖြစ်သည့် အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စက်မှုဇုန်အလိုက် ရင်းနှီးမြှုပ်နှံမှုများ ထပ်မံဝင်ရောက်လာရေးနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက် စေရေး ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ စက်ရုံ အချို့တွင် ဆိုလာစွမ်းအင် ထုတ်ယူအသုံးချလျက်ရှိရာ ၆ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ပြီဖြစ်၍ ကျန် စက်ရုံများကိုလည်း ဆိုလာတပ်ဆင်ပြီး လျပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနိုင်ရေး တိုက်တွန်းစေလို ကြောင်း၊ အထူးစီးပွားရေးဇုန်၏ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရေတိုရေရှည်အစီ အမံများ ရေးဆွဲရာတွင် ဖြစ်ပေါ်တိုးတက်နေသည့် အခြေအနေများအပေါ်မူတည်၍ သုံးသပ်ရေး ဆွဲရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက သီလဝါအထူးစီးပွားဇုန်၏ Promotion Zone ရှိ ထုတ်ကုန်ပစ္စည်းအများစုသည် သွင်းကုန်အစားထိုး ပစ္စည်းများဖြစ်သဖြင့် ကောင်းမွန်ပါကြောင်း၊ သို့ရာတွင် ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး၊ ပြည်ပကုန်စည်ပြပွဲများ၌ ပါဝင် ပြသနိုင်ရေး ဆက်စပ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ အထူးစီးပွားရေးဇုန်၏ ပို့ကုန်သွင်းကုန် တန်ဖိုးအား နှိုင်းယှဉ်ကြည့်ရာ သွင်းကုန်တန်ဖိုးများနေသောကြောင့် တင်သွင်းကုန်များသည် စက်ရုံ များ၌ အမှန်တကယ် အသုံးပြုရန်လိုအပ်မည့် ကုန်ကြမ်းပစ္စည်းများဖြစ်ရန် လိုအပ်ကြောင်း၊ စက်မှုဇုန်များတွင် လိုအပ်သော အချို့ပစ္စည်းများကို ပြည်တွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သော ပစ္စည်းများဖြင့် ဖြည့်ဆည်းပေးနိုင်ရေး အတွက် ဆက်သွယ်ပေးရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် သီလဝါအထူးစီးပွားရေးဇုန်ရှိ One Stop Service Center (OSSC) ၏ အရည်အသွေးပြည့်ဝစွာဖြင့် ဝန်ဆောင်မှုပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနုတ်ဆက်အားပေးခဲ့သည်။
ဆက်လက်၍ ဥက္ကဋ္ဌနှင့်အဖွဲ့သည် Myanmar International Terminals Thilawa (MITT) ဆိပ်ကမ်းသို့ သွားရောက်ခဲ့ရာ MITT အစည်းအဝေးခန်းမ၌ အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက ဆိပ်ကမ်းအကောက်အခွန်လုပ်ငန်းများနှင့် ကုန်ပစ္စည်းစစ်ဆေး ဆောက်ရွက်နေမှုများအားလည်းကောင်း၊ MITT ဆိပ်ကမ်းတာဝန်ခံက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ Danko စက်သုံးဆီဆိပ်ကမ်း တာဝန်ခံမှ စက်သုံးဆီဆိပ်ကမ်း များ၏ လုပ်ငန်းဆောင်ရွက်နေမှုအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်နှင့် တာဝန်ရှိသူအဖွဲ့တို့သည် သီလဝါအထူးစီးပွားရေးဇုန်ရှိ Myanmar International Terminals Thilawa (MITT)ဆိပ်ကမ်းနှင့် Danko စက်သုံးဆီဆိပ်ကမ်းများသို့လည်းကောင်း၊ Wilmar Myanmar Port Terminals (Thilawa) ဆိပ်ကမ်း၌ စားသုံးဆီသိုလှောင်ကန်များသို့လည်းကောင်း၊ သာကေတဆိပ်ကမ်း၌ ကုန်ပစ္စည်းများ ကုန်တင်ကုန်ချဆောင်ရွက်နေမှုတို့အားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။