မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီအစည်းအဝေး ၄/၂၀၂၅ သို့ တက်ရောက်အဖွင့်အမှာစကားပြောကြား

နေပြည်တော်၊ ဇူလိုင် ၂၉     

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့၊ ၀၉:၀၀ နာရီအချိန်တွင် ရုံးအမှတ်- ၃၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ - ၁ ၌ ကျင်းပပြုလုပ်ခဲ့သည့် မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီအစည်းအဝေး ၄/၂၀၂၅ သို့ မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း တက်ရောက်အဖွင့် အမှာစကား ပြောကြားသည်

မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ၃/၂၀၂၅ အစည်းအဝေး ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရာတွင် လုပ်ငန်းအဖွဲ့များဖွဲ့စည်းရန် ဆောင်ရွက်မည့် လုပ်ငန်းစဉ် SOP ကို ဖြန့်ဝေထားရှိပြီးဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် အသိပညာပေး ဆွေးနွေးပွဲလျာထားစာရင်းများကိုလည်း အဖွဲ့ဝင်များသို့ ဖြန့်ဝေထားပြီးဖြစ်၍ တက်ရောက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်း ဖွဲ့စည်းခြင်းဆိုင်ရာစည်းမျဉ်းကို  ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၅၈/၂၀၂၄) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါ ကြောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဖွဲ့စည်းဆောင်ရွက်ရန် လျှောက်ထားခြင်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့မှစ၍  တရားဝင်လက်ခံ ဆောင်ရွက်ကြောင်းနှင့်စပ်လျဉ်းပြီး မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီ၏ ကြေညာချက်အမှတ် (၁/၂၀၂၅) ဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့မှ ၄ ရက်နေ့ အထိ ကျင်းပခဲ့သော မူပိုင်ခွင့်ဆိုင်ရာညီလာခံ-၂၀၂၅ ၏ ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များတွင်လည်း စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာစုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းများ စနစ်တကျ ပေါ်ထွန်းလာနိုင်စေရေး ဆောင်ရွက်ရန်ပါဝင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီအတွင်းရေးမှူးမှ အေဂျင်စီသို့ တင်ပြသည့် အမှာစာများအား ဖတ်ကြားတင်ပြပြီး တက်ရောက်လာသည့် အေဂျင်စီအဖွဲ့ဝင်များမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် အေဂျင်စီအဖွဲ့ဝင်များ၊ မူပိုင်ခွင့်ပညာရှင်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြခဲ့ရာ မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးမင်းမင်း က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး  နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။