နိုင်ငံတကာမူပိုင်ခွင့်ညီလာခံ၊ ပထမနေ့ Session 1 သို့ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦး အမှာစကားပြောကြား

နေပြည်တော်၊ ဇူလိုင် ၃

          နိုင်ငံတကာမူပိုင်ခွင့်ညီလာခံကို ယနေ့နံနက်ပိုင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့နှင့် ၄ ရက်နေ့များတွင် နေပြည်တော်ရှိ Jasmine Naypyitaw Hotel တွင် ကျင်းပပြုလုပ်သွား မည်ဖြစ်ရာ ပထမနေ့ Session 1 တွင် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီး မြထွန်းဦးက တက်ရောက်၍    အမှာစကားပြောကြား သည်။

            မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌက နိုင်ငံတကာမူပိုင်ခွင့်ညီလာခံကို မြန်မာနိုင်ငံတွင် ဆန်းသစ်တီထွင်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ယဉ်ကျေးမှုထိန်းသိမ်းရေးတို့ကို အားပေး လှုံ့ဆော်သည့် မူပိုင်ခွင့်ဂေဟစနစ်အားကောင်းစေရန် ဦးတည်ချက်ဖြင့် စီးပွားရေးကဏ္ဍ၊ လူမှုရေး ကဏ္ဍ၊ သိပ္ပံနှင့်ယဉ်ကျေးမှုကဏ္ဍများတွင် မူပိုင်ခွင့်၏ အရေးပါပုံကို သိရှိစေရန်ရည်ရွယ်၍ ကျင်းပ ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတကာအဆင့် မူပိုင်ခွင့်ညီလာခံသည် နိုင်ငံတော်တွင် လက်ရှိကျင့်သုံး ဆောင်ရွက်နေသည့် မူပိုင်ခွင့်စနစ်၏ အားသာချက်၊ အားနည်းချက်များကို အခြားမူပိုင်ခွင့်စနစ် ဖွံ့ဖြိုးသော နိုင်ငံများနှင့် နှိုင်းယှဉ်လေ့လာနိုင်စေရန်၊ ပိုမိုကောင်းမွန်သည့် စနစ်တစ်ရပ်ကျင့်သုံး ဆောင်ရွက်နိုင်ရန်၊ ညီလာခံ၏ ပြည်တွင်း၊ ပြည်ပစာတမ်းများမှတစ်ဆင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဖော်ထုတ်နိုင်မည်ဖြစ်၍ မူပိုင်ခွင့်စနစ်တစ်ရပ် တည်ထောင် နိုင်ရန် အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်စနစ်ဖွံ့ဖြိုးသော ကမ္ဘာ့နိုင်ငံအသီးသီး တွင် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် လူ့စွမ်းအားအရင်းအမြစ်မှာ အရေးကြီးသည်ဖြစ်ရာ ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များကို အရွယ်အပိုင်းအခြားအလိုက် မူပိုင်ခွင့်အသိ ပညာပေးခြင်း၊ တီထွင်ဖန်တီးလိုစိတ်များ မြင့်မားစေရန် အားပေးလှုံ့ဆော်ခြင်း၊ တက္ကသိုလ်သုတေ သနဌာနများမှ တီထွင်ဖန်တီးမှုများကို ဈေးကွက်တွင် ဖြန့်ဖြူးနိုင်ရန် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ခြင်းများကို မူပိုင်ခွင့်အကာအကွယ်ပေး သည့်စနစ် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အသုံးပြုသူပြည်သူများ၊ တီထွင်သူ၊ ဖန်တီးသူများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများကို မူပိုင်ခွင့် ဆိုင်ရာအသိပညာဗဟုသုတများ စဉ်ဆက်မပြတ်ဖြန့်ဝေသွားကြရန်  တိုက်တွန်းပြောကြားလိုပါ ကြောင်းပြောကြားခဲ့သည်။

          နိုင်ငံတကာမူပိုင်ခွင့်ညီလာခံ Session 1 သို့ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ မူပိုင်ခွင့် ဆိုင်ရာ ဗဟိုကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနအသီးသီးမှ ဖိတ်ကြားထားသော ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်တွင်း/ပြည်ပမှ မူပိုင်ခွင့်ပညာရှင်များ၊ Keynote Speaker များနှင့် စာတမ်းရှင်များတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။