စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း လုပ်ငန်းခွင်သုံးဥပဒေများဆိုင်ရာ အသိပညာပြန့်ပွားရေး သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်၊ နံနက် ၀၉:၃၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ နေပြည်တော်၊ ရုံးအမှတ်- ၅၂၊ အစည်းအဝေးခန်းမ - ၁ ၌ ကျင်းပပြုလုပ်ခဲ့သည့် လုပ်ငန်းခွင်သုံးဥပဒေများဆိုင်ရာ အသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်း ဖွင့်ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဒုတိယဝန်ကြီး ဦးမင်းမင်းက နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံသားတစ်ဦးအနေဖြင့်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်း တစ်ဦးချင်းအနေဖြင့်ဖြစ်စေ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ အခွင့်အရေး များနှင့် ရပိုင်ခွင့်များကို သိရှိစေနိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်သုံး ဥပဒေများဆိုင်ရာ အသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၅) တွင် မိမိတို့ဝန်ကြီးဌာနတွင် ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် ဥပဒေ ၁၆ ရပ်ကို သင်ကြားပို့ချပေးသွားမည်ဖြစ်၍ သင်တန်းသား များအတွက် အကျိုးရှိစေမည်ဖြစ်သည့်အပြင် ဥပဒေနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို သင်တန်းနည်းပြများနှင့် သင်တန်းသားများအကြား အပြန်အလှန်ဆွေးနွေးခြင်းများ၊ အဖွဲ့လိုက် (Group Presentation) ပြုလုပ်ခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် အတွေ့အကြုံ ဗဟုသုတများ ပိုမိုရရှိနိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ပြဌာန်းထားသည့် ဥပဒေများအပြင် အခြားဆက်စပ်ဝန်ကြီးဌာနများတွင် ကျင့်သုံးနေသည့် ဥပဒေများကိုလည်း လေ့လာထားရန်လိုအပ် ကြောင်း၊ သင်ယူလေ့လာခြင်းကို  ရပ်တန့်မသွားဘဲ စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းသည် ကောင်း မွန်သည့် အလေ့အကျင့်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် အသိပညာဗဟုသုတများကို အသုံး ချ၍ မိမိတို့၏ ဌာနအကျိုး၊ နိုင်ငံ့အကျိုးကို စွမ်းဆောင်ရည်မြင့်မားစွာဖြင့် အောင်မြင်မှုရရှိအောင် သယ်ပိုး ထမ်းဆောင်နိုင်သည့် ဝန်ထမ်းကောင်းများ ဖြစ်စေရေး ကြိုးစားလေ့ကျင့်သင်ယူသွားရန် တိုက်တွန်းလို ပါကြောင်း ပြောကြားခဲ့သည်။

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းများကို (၇) ကြိမ်တိတိဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တွင်လည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။