ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဆောင်ရွက်နိုင်ရေးအတွက် မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဘက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များ (Conditions Precedent) နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဘက်ကြိုတင်ဖြည့်ဆည်းရမည့် အချက်များ (Conditions Precedent)နှင့်စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၀၉:၃၀ နာရီအချိန် တွင်နေပြည်တော်၊ ရုံးအမှတ် - ၃ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ ၁ ၌ ကျင်းပခဲ့ရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်နှင့် ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တို့ တက်ရောက်အမှာ စကားပြောကြားသည်။
အစည်းအဝေးသို့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူ များ၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဘက်ကြိုတင်ဖြည့်ဆည်းရမည့် အချက် (Conditi-ons Precedent) များအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် သက်ဆိုင်သည့် ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ကျောက်ဖြူအထူး စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် တရုတ် နိုင်ငံ CITIC Group ဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီ လီမိတက် တို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၅ ရက်တွင် ချုပ် ဆိုခဲ့ကြောင်း၊ အဆိုပါ Concession Agreement ၏ နောက်ဆက်တွဲစာချုပ် (Addendum) ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး Long Stop Date ကို ၁၈ လ ကာလ သက်တမ်းတိုးပေးခဲ့ကြောင်း၊ Long Stop Date သက်တမ်းတိုးမြှင့်ထားသည့် ကာလမှာ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ပြည့်မြောက်မည်ဖြစ်ပြီး အဆိုပါသက်တမ်းမပြည့်မြောက်မီ ၂ လ အလိုဖြစ်သည့် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့မတိုင်မီ လုပ်ငန်းများပြီးပြတ်အောင် ဆောင်ရွက် နိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည့်အတွက် သတ်မှတ်ရက်မရောက်မီ လုပ်ငန်း များကို ပြီးစီးအောင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် ယနေ့ အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပါသည်။
ဆက်လက်၍ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် အစုရှယ်ယာရှင်များနှင့်သက်ဆိုင်သော သဘောတူစာချုပ် (Shareholders’ Agreement) တွင် ဖော်ပြထားသည့်အတိုင်း မြန်မာ-တရုတ်နှစ်ဘက်အနေဖြင့် စီမံကိန်းမစတင်မီ ကြိုတင် ဖြည့်ဆည်းဆောင်ရွက်ရမည့် စာချုပ်ပါ အချက် ၁၆ ချက်အနက် မြန်မာဘက်က ဆောင်ရွက်ရ မည့်အချက် ၁၀ ချက်၊ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်ရမည့်အချက် ၄ ချက်စသည့် လုပ်ငန်းတာဝန်များကို သတ်မှတ်ကာလအတိုင်း ပြီးမြောက်အောင်ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ သက်တမ်းတိုးမြှင့်ထားသည့် ကာလသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မတိုင်မီ သက်ဆိုင်ရဌာနများမှ ဆောင်ရွက်ရမည့် လုပ်ငန်းများကို Timeline ချမှတ်၍ ပြီးပြတ်အောင် ဆောင်ရွက်နိုင်ရန် လမ်းညွှန်အမှာစကား ပြောကြားပါသည်။
ထို့နောက် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌက နှစ်ဖက် ကြိုတင်ဖြည့်ဆည်းရမည့်အချက်များ (Conditions Precedent) နှင့်စပ်လျဉ်း၍ဆောင်ရွက် ပြီးစီးမှုအခြေအနေများကို အသေးစိတ်ရှင်းလင်းဆွေးနွေးတင်ပြပါသည်။
ဆက်လက်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များက ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဆောင်ရွက်နိုင်ရေးအတွက် မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဘက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များ (Conditions Precedent) အချိန်မီ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းဆွေးနွေး တင်ပြကြပါသည်။
ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဆွေးနွေးတင်ပြ ချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြော ကြားကာအစည်းအဝေးကို နေ့လယ် ၁၂:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။