စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ပို့ကုန် ၂ ဆ တိုးမြှင့်တင်ပို့နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား
နေပြည်တော်၊ ဒီဇင်ဘာ ၁၇ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့၊ ၁၂:၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ-၂၊ ရုံးအမှတ်-၃၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် ပို့ကုန် ၂ ဆ တိုးမြှင့်တင်ပို့နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံစီးပွားရေးပညာနှစ် ၁၀၀ ရာပြည့်အထိမ်းအမှတ် အခမ်းအနားတွင် “ဖွံ့ဖြိုးဆဲတိုင်းပြည် တစ်ခုသည် ဈေးကွက်ဝင်သည့် ကုန်ထုတ်လုပ်မှုမြင့်မားရန် အလွန်အရေးကြီးကြောင်း၊ အကြောင်း အမျိုးမျိုးပြပြီး ကန့်သတ်မှုမျိုးစုံ ကြုံတွေ့နေရသည့် မိမိတို့နိုင်ငံသည် လက်ရှိ ပြည်ပပို့ကုန်ကို 2 ဆ တိုးမြှင့်ပို့နိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူရမည်ဖြစ်ကြောင်း” ဟု လမ်းညွှန်မှု ပြုထားပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ နိုဝင်ဘာလအထိ ပို့ကုန် လျာထားချက်၏
60 ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ရာ ကျန်ကာလအတွင်း လျာထားချက် ပြည့်မီအောင် တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည့်အပြင် ပို့ကုန် 2 ဆ တိုးမြှင့် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဝါ၊ ဝါး၊ ရော်ဘာကုန်ကြမ်းတို့ကို အခြေခံသည့် စက်မှုလုပ်ငန်းများ တိုးတက်အောင် လက်တွေ့အကောင် အထည်ဖော်နိုင်ရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ အဓိက စိုက်ပျိုးထွက်ရှိသည့် ဒေသထွက်သီးနှံများ One Region One Product – OROP အလိုက် ထုတ်လုပ် တင်ပို့နိုင်ရေးသည် အဓိကကျပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန် 2 ဆ တိုးမြှင့်နိုင်ရေးအတွက် ပို့ကုန်ကဏ္ဍ အလိုက် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း၍ တွန်းတွန်းတိုက်တိုက် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ ပို့ကုန်တင်ပို့မှုဆိုင်ရာ ညီနောင်အသင်းအဖွဲ့များ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီးပွားရေးရာဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များက ပို့ကုန်တင်ပို့နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စွမ်းအင် ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီး များ၊ သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ် စီးပွားရေးရာ ဝန်ကြီးများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ In Person တက်ရောက်ခဲ့ကြပြီး ပြည်ပနိုင်ငံများတွင် စေလွှတ်ထားရှိသည့် စီးပွားရေးသံမှူးများမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။