စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် - ဇန်နဝါရီ ၈    ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့၊ (၁၃:၀၀) နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃) ၌ ကျင်းပပြုလုပ်ခဲ့သည့် စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်းကြီးကြပ်‌ရေးကော်မတီအနေဖြင့် ပြည်တွင်းစားသုံးဆီ စားသုံးမှု၊ သုံးစွဲမှု၊ ထုတ်လုပ်နိုင်မှု နှင့်တင်သွင်းရန် လိုအပ်မှုတို့ကိုအခြေခံပြီး ပြည်ပမှစားသုံးဆီတင်သွင်းရန် လိုအပ်ချက်ကို တွက်ချက်

ကာတင်သွင်းခွင့်ပြုလျက်ရှိပါကြောင်း၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ရည်ညွှန်းစျေးနှုန်းဖြစ်စေရေးအတွက် စားသုံးဆီ ရည်ညွှန်း‌‌ဈေးနှုန်း စိစစ်တွက်ချက်ရေးအဖွဲ့မှ သေချာစွာစိစစ်တွက်ချက်၍ အပတ်စဉ်ထုတ်ပြန် ပေးလျက်ရှိကြောင်း၊ မလိုအပ်သော ကုန်ကျစရိတ်များကို လျော့ချခြင်းနှင့် ပြည်ပ CIF ဈေးနှုန်းများ ပြန်လည်ကျဆင်းလာခြင်းတို့ကြောင့် စက်တင်ဘာလ စတုတ္ထပတ်မှ ဒီဇင်ဘာလအထိ စားသုံးဆီ တစ်ပိဿာ ဈေးနှုန်းမှာ ၅၆၀ ကျပ် ကျဆင်းလာခဲ့ပါကြောင်း၊ ဈေးကွက်ဖြန့်ဖြူးမှုအနေဖြင့်လည်း တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ခွဲဝေလျာထားသည့်ပမာဏအတိုင်း ရောက်ရှိနိုင်စေရန် တိုင်းဒေသ ကြီး စားအုန်းဆီ ဖြန့်ဖြူးမှုကြီးကြပ်‌ရေး ကော်မတီများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်း၊ ကုမ္ပဏီများနှင့် ညှိနှိုင်းပေးလျက်ရှိပါကြောင်း၊ အချို့သော မြို့နယ်များတွင် ကော်မတီမှ သတ်မှတ်သည့်ဈေးနှုန်းထက် မြှင့်တင်‌ရောင်းချလျက်ရှိသကဲ့သို့ အချို့မြို့နယ်များတွင် ခွဲတမ်းကို အပြည့်အဝ ရောင်းချမှုမရှိခြင်းတို့ကို ကြားသိရသည့်အတွက် သတ်မှတ်ကာလအတွင်း သက်ဆိုင်ရာ ဒေသသို့ သတ်မှတ်ဈေးနှုန်း၊ အရည်အသွေး၊ အချင်အတွယ် မှန်ကန်စွာဖြင့် ရောင်းချစေရေးနှင့် မသမာသောနည်းလမ်းများဖြင့် ဖြန့်ဖြူးရောင်းချမှုများကို စစ်ဆေးဖော်ထုတ်မှုများ ‌ဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့ဖြစ်ရာ ကုမ္ပဏီများ အနေဖြင့် တင်သွင်းခွင့်ရရှိသော စားအုန်းဆီများကို ပြည်သူ များထံ အပြည့်အဝဖြန့်ဖြူးရောင်းချခြင်း၊ မိမိတို့၏ လက်ကား/လက်လီကိုယ်စားလှယ်များကို ကြီးကြပ်ထိန်းကျောင်းခြင်းတို့ ဆောင်ရွက်သွားကြစေလိုပါကြောင်းနှင့် တင်သွင်းဖြန့်ဖြူးရာတွင် တွေ့ကြုံရသည့် အခက်အခဲများရှိပါက ဝန်ကြီးဌာန၏ သက်ဆိုင်ရာဦးစီးဌာနများနှင့် ဆက်သွယ်ပြီး ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း က စားသုံးဆီ တင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့် စံလုပ်ငန်းစဉ် (SOP) များအား တိကျစွာလိုက်နာဆောင်ရွက်ရေး၊ စားသုံးဆီကဏ္ဍ အထောက်အကူပြု အဖွဲ့များဖြစ်သည့် ဆီကန်ကြီးကြပ်ရေးလုပ်ငန်းအဖွဲ့နှင့် လေ့လာစောင့်ကြည့်သုတေသနအဖွဲ့တို့ အနေဖြင့် မြေပြင်အခြေအနေမှန်များအား တင်ပြရေး၊ မီဒီယာများနှင့် တွေ့ဆုံ၍ အများပြည်သူသိသင့် သိထိုက်သည့် သတင်းအချက်အလက်များကို ရှင်းလင်းပြောကြားရေးနှင့် တိုင်းဒေသကြီး/ပြည်နယ် များသို့ ကွင်းဆင်းစစ်ဆေးရေး လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမောင်မောင်ဇော်နှင့် စားသုံးဆီ တင်သွင်းဖြန့်ဖြူး သည့်ကုမ္ပဏီများမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ အခက်အခဲများနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် စားသုံး ဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ စုစုပေါင်း (၇၅) ဦး တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ( ၁၆:၀၀ ) နာရီတွင် ရုပ်သိမ်းကြောင်း သတင်းရရှိသည်။