မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းအနေနဲ့ ဒေသတွင်းထွက်ကုန်နည်းပါးသော်လည်း ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏလျာထားချက် ပြည့်မီအောင်ဆောင်ရွက်နိုင်

 

          မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းသည် ဒေသတွင်းကုန်ပစ္စည်း ထွက်ရှိမှု နည်းပါးသော်လည်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏလျာထားချက် ပြည့်မီ ဆောင်ရွက်နိုင်ခဲ့ကြောင်း ၊ ရခိုင်ပြည်နယ်အတွင်းရှိ အခြားမြို့နယ်များမှ မှာယူပြီး ကုန်သည်လုပ်ငန်းရှင်များက ကြိုးစားလုပ်ကိုင်ဆောင်ရွက်ကြသဖြင့် ကုန်သွယ်မှုရလဒ်ကောင်းများ ရရှိခဲ့ခြင်းဖြစ်ကြောင်း မတ်လ ၃၀ ရက်နေ့က ပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ တာဝန်ရှိသူများက ပြောကြားခဲ့တာဖြစ်ပါတယ်။

          ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ပို့ကုန်ကန်ဒေါ်လာ ၇ ဒသမ ၆၆၆ သန်း၊ သွင်းကုန်ကန်ဒေါ်လာ သုည ဒသမ ၁၀၆ သန်းနဲ့ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၇ ဒသမ  ၇၇၂ သန်းဆောင်ရွက်နိုင်ခဲ့ပါတယ်။မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့အများဆုံးပို့ကုန်များမှာ မန်ကျည်းသီး(အစေ့ပါ)၊ဆီးသီးခြောက်၊ ပုစွန်၊ ငါးခြောက်၊ဝါး၊ သနပ်ခါးခဲတို့ဖြစ်ကြပြီး သွင်းကုန်များမှာ ဘိလပ်မြေ၊ ဒန်ရေတကောင်း၊ တီရှပ်၊ ပလတ်စတစ်လက်ဆွဲပုံး၊ ရေတုံကင်နဲ့ စွပ်ကျယ်ပိတ်များဖြစ်ကြပါတယ်။

          လာမဲ့ဘဏ္ဍာနှစ်မှာလည်း ကုန်သွယ်မှုပိုမိုတိုးတက် ဆောင်ရွက်သွားဖွယ်ရှိပြီး ဧပြီလဆိုလျှင် ရေငန်ပုစွန် စတင် ထွက်ရှိတော့မှာဖြစ်လို့ ပုစွန်ထွက်ရှိမှု မြင့်မားလာတာနဲ့အမျှ တင်ပို့မှုလည်း တက်လာတော့မှာ ဖြစ်ပါတယ်။ ကုန်သွယ်မှု ပမာဏ လျာထားချက် ပြည့်မီကျော်လွန်ရေးမှာ ရေထွက်ကုန်ပစ္စည်း တင်ပို့နိုင်မှုက အဓိကအထောက်အကူပြုတယ်လို့သိရပါတယ်။

                                                                                     

                                                                မြင့်မြင့်မာ MIRT (DCCA)