ယှဉ်ပြိုင်မှုဆိုင်ရာ စီးပွားရေးဈေးကွက်များ အကြောင်း (၂)

 

          ပြီးခဲ့တဲ့အပတ်က တင်ပြဆွေးနွေးခဲ့တဲ့ ယှဉ်ပြိုင်မှုဆိုင်ရာ စီးပွားရေးဈေးကွက် အကြောင်း (၁)မှာ စစ်မှန် ကောင်းမွန်သော ယှဉ်ပြိုင်မှုဈေးကွက် (Perfect Competition) အကြောင်းကို ဆွေးနွေးခဲ့ပါတယ်။ အခုအပတ်မှာတော့ တရားမျှတမှု မရှိသော၊ ကောင်းမွန် ပြည့်စုံမှုမရှိသော ဈေးကွက်ဆိုတာ ဘာတွေလဲဆိုတာကို ထပ်ပြီးဆွေးနွေးကြည့်ကြရအောင်ပါ။

          ကောင်းမွန်ပြည့်စုံမှုမရှိသော ယှဉ်ပြိုင်မှုဆိုင်ရာဈေးကွက် (Imperfect Competition)ဆိုတာ -

          -        ယှဉ်ပြိုင်မှုတွေရှိနေသော ဈေးကွက်တည်းမှာ ရောင်းချသူတွေ အများအပြားရှိနေမယ်။

          -        ဒါပေမဲ့ သူတို့ရောင်းချတဲ့ ပစ္စည်းတွေက အမျိုးအစားတူ ပစ္စည်းမျိုးတွေ၊ တစ်ထပ်တည်းကျ လောက်အောင် တူညီနေသော ပစ္စည်းမျိုးတွေ မဟုတ်ကြပါဘူး။ တစ်ခု နဲ့ တစ်ခုက အများကြီး မဟုတ်တောင်၊ အနည်းငယ်လေးလောက်စီတော့ ကွာခြားနေမယ်။

          -        ဒီလိုကွာခြားနေတဲ့အတွက်ကြောင့် သူတို့ရဲ့ ပစ္စည်းဈေးနှုန်းတွေကို သူတို့ကြိုက်သလို သတ်မှတ်နိုင်ပြီး အမြတ်ငွေတွေကို လိုသလို တင်ရောင်းနိုင်မယ်။

          ဒီလိုဖြစ်နေတဲ့ဈေးကွက်ကို ယှဉ်ပြိုင်မှု အပြည့်အဝရှိနေတဲ့ ဈေးကွက်လို့ ခေါ်ဆိုလို့ မရနိုင်ပါဘူး။

          သိမှတ်သလောက် အနည်းငယ်ဆွေးနွေးရမည်ဆိုပါက ကောင်းမွန်ပြည့်စုံမှုမရှိသော ယှဉ်ပြိုင်မှုဆိုင်ရာ

ဈေးကွက် (Imperfect Competition) အမျိုးအစား (၄) မျိုးရှိပါတယ်-

          (၁)     အတားအဆီးအနည်းငယ်ရှိနေသေးသည့်ဈေးကွက် (Monopolistic Competition)

      (၂)     ထုတ်လုပ်၊ ရောင်းချသူအနည်းငယ်က ပူးပေါင်း၍ လုပ်ငန်းစုတစ်ခုအနေဖြင့် လက်ဝါးကြီး အုပ်ထိန်းချုပ်ထားသော ဈေးကွက် (Oligopoly)

     (၃)     ရောင်းချသူတစ်ဦးတည်းက လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားသော ဈေးကွက် (Monopoly)                                                                                               

         (၄)     ဝယ်သူတစ်ဦးတည်းရှိသော ဈေးကွက် (Monopsony) တို့ပဲ ဖြစ်ပါတယ်။

          ပထမအမျိုးအစားကတော့ စစ်မှန်ကောင်းမွန်သော ယှဉ်ပြိုင်မှုဈေးကွက်ပုံစံ (Perfect Competition)  နှင့် အလွန်ဆင်တူသည့် အတားအဆီးအနည်းငယ်ရှိနေသေးသည့် ဈေးကွက် (Monopolistic             Competition - မိုနိုပိုလစ်စတစ်ဈေးကွက်) ပင်ဖြစ်ပါသည်။ ထိုပုံစံ နှစ်ခုသည် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများ အတော်အတန် ဆင်တူသောကြောင့် သတိထားဆုံးဖြတ်မှသာ မှန်ကန်တိကျသောအဖြေကို ရရှိနိုင်မည် ဖြစ်ပေသည်။

          မိုနိုပိုလစ်စတစ် (Monopolistic competition) ဈေးကွက်တစ်ခု ဖြစ်/မဖြစ်ကို သိရှိနိုင်ဖို့ဆိုရင်တော့ -

          (၁)     ဈေးကွက်တစ်ခုအတွင်းမှာ ကုန်ပစ္စည်းများကို ထုတ်လုပ်၊ ရောင်းချသူတွေ အမြောက်အများ ရှိနေရုံမျှမက ဝယ်ယူစားသုံးသူများ၏ အရေအတွက်သည်လည်း  အများအပြား ရှိနေမယ်။

        (၂)     ထိုဈေးကွက်အတွင်းသို့လည်း လုပ်ငန်းအသစ် ဝင်ရောက်မှုတွေ၊ ဈေးကွက်ထဲက နေ ပြန်လည်ထွက်ခွာမှုတွေလည်း အတော်အသင့် လွယ်ကူစွာ ပြုလုပ်နိုင်မယ်။

          ဒီအချက် နှစ်ချက်ကတော့ စစ်မှန်ကောင်းမွန်သော ယှဉ်ပြိုင်မှုဈေးကွက်ပုံစံနဲ့တူပါတယ်။ ဒါပေမဲ့ ယခုဆက်လက်ဖော်ပြမဲ့အချက် ၂ ချက်ကတော့ မတူတော့ပါဘူး။

     (၃)     ဈေးကွက်တစ်ခုအတွင်းမှာ ကုန်ပစ္စည်းများကို ထုတ်လုပ်၊ ရောင်းချသူတွေ အမြောက်အများ ရှိသော်လည်း ၎င်းတို့ရဲ့ကုန်ပစ္စည်းတွေက တစ်ခုနဲ့တစ်ခု အလားတူကုန်ပစ္စည်းတွေလို လုံးဝတူညီတာမျိုးမဟုတ်ဘဲ ခွဲခြားလို့ရနိုင်တဲ့အတွက် စားသုံးသူတွေဟာဆိုရင် ကုန်ပစ္စည်း တွေကို ဝယ်ယူတဲ့အခါမှာ အပြည့် အဝ အစားထိုးနိုင်တဲ့ ကုန်ပစ္စည်းတွေ ရရှိနိုင်မှုနည်းလာမယ် ဒါမှမဟုတ် မရနိုင်တော့ဘူး။ (စစ်မှန်ကောင်းမွန်သော ယှဉ်ပြိုင်မှုဈေးကွက်ထဲမှာဆိုရင်တော့ ကုန်ပစ္စည်းတွေဟာ လုံးဝထပ်တူကျတဲ့အထိကို တူနေတဲ့ ပစ္စည်းမျိုးတွေကို ရရှိနိုင်ပါတယ်။ ဒီအချက်ကတော့ မတူပါဘူး။)

      (၄)     နောက်တစ်ချက်ကတော့ ဒီလိုမိုနိုပိုလစ်စတစ် ဈေးကွက်ထဲမှာရှိနေတဲ့ စီးပွားရေး လုပ်ငန်း တွေဟာဆိုရင် ၎င်းတို့၏ကုန်ပစ္စည်းများကို စားသုံးသူတွေသိအောင်၊ ဝယ်ယူမဲ့သူတွေ သိအောင်၊ ဝယ်ယူအသုံးပြုချင်စိတ်တွေ ပိုမိုဖြစ်ပေါ်လာအောင် ကြော်ငြာများကို မကြာခဏဆိုသလို အသုံးပြု၍ ဆွဲဆောင်မှုတွေကို ပြုလုပ်ကြပါတယ်။

          နောက်ဆုံးအချက် ၂ ချက်ရဲ့ ရလာဒ်ကတော့ ဈေးနှုန်းတွေဟာ တစ်ခုနဲ့ တစ်ခု အများကြီးကွာ ခြားသွားတာ မျိုး မဟုတ်ဘဲ အနည်းငယ်လောက်သာ ခြားနားမှာဖြစ်ပါတယ်။ (ဥပမာအားဖြင့် ရောင်းချသူ- ဒအေဒ က သူ့ကုန် ပစ္စည်းတွေကို ၁၀ဝ ကျပ်နဲ့ ရောင်းချနေတဲ့ အချိန်မှာ ‘ဒဘီဒ က ၉၅ ကျပ်နဲ့ ရောင်းချနေတာမျိုး ဖြစ်ပါတယ်။)

          အထက်ဖော်ပြပါအချက်များအရ အရင်အပတ်က ဖော်ပြဆွေးနွေးခဲ့တဲ့ စစ်မှန်ကောင်းမွန်သောယှဉ်ပြိုင်မှု ဈေးကွက်နှင့် အတားအဆီးအနည်းငယ်ရှိနေသေးသည့် ဈေးကွက် (မိုနိုပိုလစ် စတစ်ဈေးကွက်) တို့သည် တူညီသည်ဟု ထင်ရသော်လည်း အနည်းငယ် ကွဲလွဲချက်များရှိသော ကြောင့် စစ်မှန်ကောင်းမွန်သော ဈေးကွက် လား၊ မိုနိုပိုလစ်စတစ်ဈေးကွက်လားဆိုသည်ကို ခွဲခြားနိုင်ရန် ခက်ခဲတတ်ပါသည်။ အသေးစိပ်စောင့်ကြည့် လေ့လာသုံးသပ်ပြီးမှသာ မှန်ကန်စွာ ဆုံးဖြတ်နိုင်မည် ဖြစ်ပါသည်။ ဒုတိယအမျိုးအစားကတော့ ထုတ်လုပ်၊ ရောင်းချသူအနည်းငယ်က ပူးပေါင်း၍ လုပ်ငန်း စုတစ်ခုအနေဖြင့် လက်ဝါးကြီးအုပ် ထိန်းချုပ်ထားသော ဈေးကွက် (Oligopoly) ပဲဖြစ်ပါတယ်။ ထိုဈေးကွက်ကို အိုလီဂိုပိုလီဈေးကွက် ဟုလည်း ခေါ်ဆိုနိုင်ပါတယ်။

          ဒီလိုအိုလီဂိုပိုလီဈေးကွက်ဟူသော အခြေအနေဖြစ်ပေါ်နေမှု ရှိ/မရှိဆိုတာကို ဘယ်လို သိရှိနိုင်မလဲဆို ရင်တော့-

          (၁)     ဈေးကွက်ထဲမှာ ကုန်ပစ္စည်းထုတ်လုပ်၊ ရောင်းချသူတွေ အနည်းငယ်ပဲ ရှိမယ်။

       (၂)     ဒါမှမဟုတ် ထုတ်လုပ်ရောင်းချသူတွေ အားလုံး သို့မဟုတ် အများစုက ပူးပေါင်း ၍ အစုအဖွဲ့ တစ်ခုအနေဖြင့် ဈေးကွက်ကို ထိန်းချုပ်ထားခြင်းမျိုးလည်းဖြစ်မယ်။ စီးပွားရေးလုပ်ငန်း အများအပြား ပါဝင်တဲ့ အစုအဝေးကြီးကနေလည်း စီးပွား ရေးလုပ်ငန်းတစ်ခုကို တည်ထောင် လုပ်ကိုင်တာမျိုး လည်း ဖြစ်နိုင်ပါတယ်။ (ထိုသို့ ပူးပေါင်းထားသည့် အစုအဖွဲ့မှ ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်း သည်လည်း အခြားကုန်ပစ္စည်းများနှင့် မတူဘဲ လုံးဝခြားနားမှုကို ဖြစ်ပေါ်စေတယ် ဆိုတဲ့ ခံစားချက် တွေကို ဖြစ်ပေါ်နေအောင်လည်း ဖန်တီးထားမယ်။)

          (၃)     ၎င်းတို့ ရောက်ရှိနေပြီးသား ဈေးကွက်အတွင်းသို့လည်း အခြားလုပ်ငန်းတူများ ဝင်ရောက် လုပ်ကိုင်နိုင်မှုမရှိအောင် အတားအဆီးများကို ဖြစ်ပေါ်အောင် ပြုလုပ်နေမယ်။

        (၄)     ဒီလိုအခြားသူများ ဝင်ရောက်မလာနိုင်သည့်အတွက် ၎င်းတို့ ကုန်ပစ္စည်းများ၏ ဈေးနှုန်းသည် လည်း ပြိုင်ဘက်မရှိဖြစ်နေပြီး ကုန်ပစ္စည်းဈေးနှုန်းတွေလည်း ရောင်းလိုအား၊ ဝယ်လိုအား အတက်အကျများပေါ် မူတည်ခြင်းမရှိတော့ဘဲ ထုတ်လုပ်ရောင်းချသူများ စိတ်ကြိုက် သတ်မှတ်နိုင် နေမယ်။

          ဒီလိုအခြေအနေတွေ ဖြစ်ပေါ်နေပြီဆိုရင်တော့ ထိုဈေးကွက်ထဲမှာ လုပ်ငန်းတွေ အချင်းချင်း ပဋိပက္ခ တွေဖြစ်ပေါ်ပါတော့မယ်။ လုပ်ငန်းအချို့ ပူးပေါင်းပြီး လုပ်ငန်းစုတစ်ခုအနေဖြင့် ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကို မိမိတို့စိတ်ကြိုက် သတ်မှတ်နိုင်စေရန်အတွက် အခြားလုပ်ငန်းများ ဈေးကွက်ထဲမှ ထွက်ခွာသွားစေအောင် ပြုလုပ်လာကြပေတော့မည်။ ထိုအခါတွင် ဈေးကွက်အတွင်း ဈေးနှုန်းပြိုင်ဆိုင်မှုများ မဖြစ်ပေါ်တော့ဘဲ မိမိတို့အလိုရှိသည့် အမြတ်ကို မြှင့်တင်၍ ရောင်းချကာ ဈေးကွက်ကို မိမိတို့ လိုသလို ချုပ်ကိုင်ဆောင်ရွက် လာပေလိမ့်မည်။ ထိုအခြေအနေများ ဖြစ်ပေါ်ခဲ့ပါက နိုင်ငံ၏အကျိုးစီးပွား၊ ပြည်သူများနှင့် စားသုံးသူများ အပေါ်တွင် ဆိုးရွားသည့် အကျိုးရလာဒ်များကို ဆက်လက်ဖြစ်ပေါ်လာနိုင်ပါသည်။

          အိုလီဂိုပိုလီဈေးကွက် ပုံစံထဲတွင် နောက်ထပ်ထူးခြားသည့် အမျိုးအစား တစ်မျိုးရှိပါသေးသည်။ ၎င်းမှာ ဂျူအိုပိုလီဈေးကွက် (Duopoly) ဖြစ်ပါသည်။

          အိုလီဂိုပိုလီဈေးကွက်မှာ စီးပွားရေးလုပ်ငန်းတစ်ခု သို့မဟုတ် လုပ်ငန်းစုတစ်ခုတည်း ကသာ ဈေးကွက်ကို ချုပ်ကိုင်ခြင်းဖြစ်ပြီး ဂျူအိုပိုလီဈေးကွက်မှာ စီးပွားရေးလုပ်ငန်းနှစ်ခု သို့မဟုတ် လုပ်ငန်းစုနှစ်ခုမှ ချုပ်ကိုင်ခြင်း ဖြစ်ပါသည်။ ဈေးကွက်အတွင်းတွင် လုပ်ငန်းကြီးနှစ်ခုကသာ ဈေးကွက်လွှမ်းမိုးချုပ်ကိုင်မှု ပြုနေမယ်။ ထိုလုပ်ငန်းကြီးနှစ်ခုမှ ညှိနှိုင်းတိုင်ပင်ပြီး ၎င်းတို့ထဲမှ တစ်ခုက ကုန်ပစ္စည်းအား ဈေးနှုန်းတစ်ခု သတ်မှတ်လိုက်ပြီး နောက်လုပ်ငန်း တစ်ခုမှလည်း ထိုဈေးနှုန်းအတိုင်းလိုက်၍ လျော့ချ ရောင်းချခြင်းဖြင့် ဈေးကွက်လွှမ်းမိုးမှုများ ကို ပြုလုပ်လာကြသည်။ ထိုအခါ အခြားလုပ်ငန်းများမှ ၎င်းတို့၏ ဈေးနှုန်းအတိုင်း အပြိုင်ရောင်းချမှု မပြုနိုင် တော့ဘဲ ၎င်းတို့နှင့် ပူးပေါင်း ဆောင်ရွက်ရန်အတွက် တွန်းအားများပေးကာ ကန့်သတ်ချက်များကိုလည်း ၎င်းတို့၏ စိတ်တိုင်းကျ သတ်မှတ်ကြပြီး နောက်ဆုံးတွင် သာမန်ထက် ပိုမိုမြင့်မားသည့် အကျိုးအမြတ်ကို ရရှိနိုင်ရန် ၎င်းတို့ ချုပ်ကိုင်ထားနိုင်သည့်  ဈေးကွက် တစ်ခုကို ဖြစ်ပေါ်အောင် ဖန်တီးလာကြပေလိမ့်မည်။ ထိုကဲ့သို့သော ဈေးကွက်အခြေအနေကို ဂျူအိုပိုလီဈေးကွက်  (Duopoly) ဖြစ်ပေါ်နေသည်ဟု ဆိုနိုင်ပေသည်။

          တတိယအမျိုးအစားတစ်ခုမှာ ရောင်းချသူတစ်ဦးတည်းက လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားသောဈေးကွက် (Monopoly)ပဲဖြစ်ပါတယ်။ ၎င်းဈေးကွက်ကို မိုနိုပိုလီဈေးကွက်ဟုလည်း သိရှိကြပါတယ်။ ဒါကတော့ ယှဉ်ပြိုင်မှုဈေးကွက်နယ်ပယ်မှာတော့ အဆိုးဝါးဆုံး ဈေးကွက်ပုံစံပဲ ဖြစ်ပါတယ်။

          ထိုကဲ့သို့ မိုနိုပိုလီဈေးကွက် ဖြစ်ပေါ်နေကြောင်း သိရှိနိုင်ရန်မှာ -

          (၁)     ဈေးကွက်ထဲမှာ ကုန်ပစ္စည်း အမျိုးအစားတစ်ခုတည်းနဲ့ ပတ်သက်ပြီး ရောင်းချ သူတစ်ဦးတည်း ရှိမယ်။ ဒါကြောင့်မို သူနဲ့ယှဉ်ပြိုင်ရောင်းချမဲ့သူ တစ်ဦးတစ်ယောက်မှ ဈေးကွက်ထဲမှာ မရှိနေဘူး။

          (၂)     ဝယ်ယူသူတွေ၊ စားသုံးသူတွေက အရမ်းများနေမယ်။

          (၃)     အဲဒီဈေးကွက်ထဲကိုလည်း အခြားရောင်းချသူတွေ၊ ထုတ်လုပ်သူတွေ ဝင်ရောက် လုပ်ကိုင်ဖို့ ဆိုတာ မဖြစ်နိုင်လောက်ကို ခက်ခဲနေမယ်။

          (၄)     ထုတ်လုပ်ရောင်းချသူတွေကလည်း ဒီလိုရောင်းချခြင်းမှ အကျိုးအမြတ်တွေ ပုံမှန်ထက် ပိုမိုရရှိနေမယ်။

          (၅)     အဲဒီကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ ဈေးနှုန်းတွေကိုလည်း ထိုရောင်းချသူကပဲ လိုသ လို ထိန်းချုပ် နေမယ်။

          (၆)     စားသုံးသူတွေဟာလည်း ထိုကုန်ပစ္စည်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုလည်း ပြည့်ပြည့်စုံစုံ မရရှိဘူး။

          (၇)     ဒါ့အပြင် ထိုကုန်ပစ္စည်းကို မသုံးနိုင်သော အခြေအနေမျိုးတွင် ၎င်းရဲ့နေရာမှာ အစားထိုး အသုံးပြုနိုင်တဲ့ အခြားကုန်ပစ္စည်းလည်း မရရှိနိုင်ဘူး။

          ဒီလိုအချက်များဖြစ်ပေါ်နေရင်တော့ အဲဒီဈေးကွက်ကို မိုနိုပိုလီဈေးကွက်  (Monopoly) လို့ခေါ် ဆိုနိုင် ပါပြီ။

          ထိုကဲ့သို့သော ဈေးကွက်မျိုးတွင် ရောင်းချသူသည် ထိုကုန်ပစ္စည်းအား ဈေးကွက် အတွင်း မိမိကြိုက်သလို ချုပ်ကိုင်ရောင်းချနေသောကြောင့် စားသုံးသူများ၏ အခြေခံအကျဆုံးနှင့် အရေးအပါဆုံး အခွင့်အရေးဖြစ်တဲ့ ရွေးချယ်ပိုင်ခွင့် (right to choose) ဆိုသော စားသုံးသူ တစ်ယောက်၏အခွင့်အရေးကို အဆိုးရွားဆုံး ချိုးဖောက် လိုက်ခြင်းပင် ဖြစ်ပါတော့သည်။ ထို စားသုံးသူ၏ ရွေးချယ်ဝယ်ယူပိုင်ခွင့်ဆိုတဲ့ အခြေခံအကျဆုံး အခွင့်အရေးကို ချိုးဖောက်ခံခဲ့ရမယ်ဆိုရင်တော့ နောက်ထပ်ဖြစ်ပေါ်ရရှိလာမဲ့ စားသုံးသူများ၏ အခွင့်အရေးအားလုံးကို ဆက် လက် ချိုးဖောက်ခံရတော့မှာ အမှန်ပင်။ ဒါကြောင့် ဒီလိုဈေးကွက် အခြေအနေဖြစ်ပေါ်နေပါက နိုင်ငံအတွင်းရှိ စားသုံးသူများနှင့် စီးပွားရေးအခြေအနေများကို အဆိုးရွားဆုံး ထိခိုက်လာနိုင်မည့်အခြေအနေပင် ဖြစ်ပါတယ်။

          နောက်ဆုံးအမျိုးအစားကတော့ ဈေးကွက်ထဲမှာ ရောင်းချထုတ်လုပ်သူ အများအပြား ရှိနေပြီး ဝယ်ယူသူကတော့ တစ်ယောက်တည်းရှိနေတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ အဲဒီဈေး ကွက်ကို ဝယ်သူတစ်ဦး တည်းရှိသော ဈေးကွက် (Monopsony -မိုနိုစပိုနီ) လို့ခေါ်ပါတယ်။ ဈေးကွက်ထဲမှာ ရောင်းချသူတွေက အများကြီးဖြစ်နေတဲ့အတွက်ကြောင့် ရောင်းလိုအားမြင့်တက်နေမယ်။ ဒါပေမဲ့ ဝယ်ယူသူကတော့ တစ်ယောက်တည်းသာ ရှိနေတဲ့အတွက်ကြောင့် ဝယ်လိုအား နည်းနေမယ်။ ဒီအခါမျိုးမှာဆိုရင်လည်း ဝယ်ယူသူက ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းနှင့် ဈေးကွက်တို့ကို သူ့စိတ်တိုင်းကျ ထိန်းချုပ်ထားမယ်။ ဒါဆိုရင်လည်း ဈေးကွက်က ကောင်းမွန် ပြည့်စုံပြီး မျှတတဲ့ ဈေးကွက် ဖြစ်လာမှာ မဟုတ်ပါဘူး။ တစ်ဘက်စောင်းနင်းဖြစ်နေတဲ့ ဈေးကွက် မျိုးပဲ ဖြစ်နေမှာ ဖြစ်တဲ့အတွက် မှန်ကန်ကောင်းမွန်မှာ မဟုတ်ပါဘူး။

          ဒီအမျိုးအစားထဲက နောက်ထပ်ပုံစံတစ်ခုကတော့ အိုလီဂိုစပိုနီ လို့ခေါ်တဲ့ ဝယ်သူအနည်း ငယ်သာရှိတဲ့ ဈေးကွက် (Oligopsony) ပဲ ဖြစ်ပါတယ်။ ဒီအခြေအနေမှာဆိုရင်တော့ ဝယ်ယူသူ ဟာ တစ်ဦးတည်းမဟုတ် သော်လည်း အလွန်နည်းတဲ့ အရေအတွက်သာရှိတဲ့အတွက် ဒါဟာ လည်း ကောင်းမွန်မှန်ကန်တဲ့ ဈေးကွက် အဆင့်ကို ရောက်ရှိလာမှာ မဟုတ်ပါဘူး။

          အထက်တွင် တင်ပြထားသည့်အချက်များဈေးကွက်တစ်ခုအား မည်သို့သောဈေးကွက် ဖြစ်ပေါ်နေသလဲ၊ ဖြစ်ပေါ်နေသောဈေးကွက်သည် စီးပွားရေးလုပ်ငန်းများကို သော်လည်းကောင်း၊ စားသုံးသူကို သော်လည်းကောင်း ထိခိုက်မှု သို့မဟုတ် ထိခိုက်နိုင်မှု ရှိ/မရှိ ဆိုသည်ကို သိရှိ ဆုံးဖြတ်နိုင်စေရန်အတွက် အကျဉ်းမျှတင်ပြခြင်းဖြစ် ပါသည်။

          စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် စစ်မှန်ကောင်းမွန်သော ယှဉ်ပြိုင်မှုအခြေအနေများ ဖြစ်ပေါ်လာနိုင်စေရန်၊ ပိုမိုကောင်းမွန်သော စီးပွားရေး၊ ကုန်သွယ်ရေးမူဝါဒများ ချမှတ်ကျင့်သုံးနိုင်စေရန်၊ ကန့်သတ်ထိန်းချုပ်ရာရောက်သည့် ကုန်သွယ်ရေးကျင့်ထုံးများအား ပပျောက်စေရန်၊ ဈေးကွက်အတွင်း ဝင်ရောက်လာမှုနှင့် ထွက်ခွာမှုတို့ကို လွတ်လပ်စွာ ဆောင်ရွက်နိုင်အောင် အားပေးထောက်ပံ့ပေးရန်နှင့် ဈေးကွက်အင်အားစုများအပေါ်၌ အားထား မှု ပိုမိုဖြစ်ပေါ်လာစေရန် စသည်တို့အတွက် ယှဉ်ပြိုင်မှုဥပဒေနှင့် မူဝါဒများသည် မရှိမဖြစ် လိုအပ်လာပါတော့သည်။

          အာဆီယံစီးပွားရေးအသိုက်အဝန်း စီမံချက်အရ “အာဆီယံဒေသတစ်ခုလုံးအား စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှု တွင် သာတူညီမျှရှိ၍ ဈေးကွက်ယှဉ်ပြိုင်မှု အားကောင်းပြီး ကုန်ထုတ်လုပ်မှုနှင့် ဈေးကွက်တစ်ခုတည်းကိုသာ အခြေခံသည့် ဒေသတစ်ခုအဖြစ် အသွင်ကူးပြောင်းနိုင်ရေးနှင့် ကမ္ဘာ့စီးပွားရေးအသိုက်အဝန်းတွင် အပြည့်အဝ ဝင် ဆံ့သွားနိုင်ရေးတို့အတွက် ဆောင်ရွက်သွား ကြရမည်” ဟု ထည့်သွင်းပြဌာန်းထားသည့်အတွက် နိုင်ငံတွင်း၌ ဦးစွာ ယှဉ်ပြိုင်မှုဥပဒေနှင့် မူဝါဒများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်သဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ယှဉ်ပြိုင်မှုဥပဒေကို ရေးဆွဲခဲ့ပြီး၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် (၉) ဖြင့် ၂၀၁၅ ခုနှစ်၊ ဖော်ဝါရီလ ၂၄ ရက်နေ့၌ ပြဌာန်းခဲ့ပါသည်။

          သို့ဖြစ်ပါသောကြောင့် ထိရောက်၍ တရားမျှတမှုရှိသော ယှဉ်ပြိုင်မှု ဥပဒေပြဌာန်း အကောင်အထည် ဖော်နိုင်ခြင်းအားဖြင့် အထက်ဖော်ပြပါ ကောင်းမွန်စစ်မှန်မှုမရှိသော ယှဉ်ပြိုင်မှု ဈေးကွက်ကို ထိန်းချုပ်ကိုင်တွယ် လာနိုင်မည်ဖြစ်ပြီး၊ စီးပွားရေးအရ ထိရောက်အကျိုးများမှု၊ စီးပွားရေးကြီးထွားဖွံ့ဖြိုးလာမှုနှင့် စားသုံးသူများ၏ ကောင်းကျိုးများကို အပြည့်အဝရရှိနိုင်မှု စသည့် အကျိုးကျေးဇူးများ ဖြစ်ထွန်းပေါ်ပေါက်လာမည်မှာ မလွဲဧကန်ဖြစ်ပါ ကြောင်း လေ့လာ အကြံပြုလိုက်ရပါတယ်။

 

                                        ဒေါက်တာစပယ်ကြည်မောင် (ယှဉ်ပြိုင်မှု)