ယှဉ်ပြိုင်မှုဆိုင်ရာ စီးပွားရေးဈေးကွက်များ အကြောင်း (၁)

 

          နိုင်ငံတစ်နိုင်ငံတွင် စားသုံးသူပြည်သူများ အေးချမ်းသာယာပြည်စုံစွာ နေထိုင်နိုင်စေရန် အတွက် ထိုနိုင်ငံ၏  စီးပွားရေးဖွံ့ဖြိုးတိုးတက်ကောင်းမွန်မှုသည် မရှိမဖြစ်အရေးပါသော အကြောင်းခြင်းရာတစ်ခု ဖြစ်ပါတယ်။ ဈေးကွက် အတွင်းရှိ ရင်းနှီးမြှုပ်နှံကြမဲ့ စီးပွားရေး လုပ်ငန်းများ အတွက် စစ်မှန်ကောင်းမွန် ၍ တရားမျှတစွာ ယှဉ်ပြိုင်ဆောင်ရွက်နိုင်သော ဈေးကွက်စီးပွားရေး စနစ်တစ်ခု ဖြစ်ပေါ်နေမှသာလျှင် နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေမှာ ဖြစ်ပါတယ်။

          စစ်မှန်ကောင်းမွန်သော၊ တရားမျှတစွာ ယှဉ်ပြိုင်ဆောင်ရွက်နိုင်သော ဈေးကွက်စီးပွားရေးတစ်ခု ဖြစ်ပေါ်နိုင်စေရန်အတွက် အဓိကထိန်းကျောင်း ကိုင်တွယ်ပေးနိုင်မဲ့ ယန္တရားမှာ ယှဉ်ပြိုင်မှု ဥပဒေနဲ့ မူဝါဒများ ပင် ဖြစ်ပါတယ်။

          ကမ္ဘာ့နိုင်ငံများမှာ ယှဉ်ပြိုင်မှု ဥပဒေနဲ့ မူဝါဒများ ပြဌာန်းရခြင်းရဲ့ အဓိကရည်ရွယ်ချက်မှာလည်း ဈေးကွက် အတွင်း၌ တရားမျှတတဲ့ ပြိုင်ဆိုင်မှုများ ဖြစ်ပေါ်လာစေရန်၊ ထိုယှဉ်ပြိုင်မှု ရှိနေသောဈေးကွက်ကို အထောက်အပံ့ပြုပေးနိုင်စေရန် နဲ့ ကာကွယ်စောင့်ရှောက်ပေးနိုင်စေရန် တို့အတွက် ဖြစ်ပါတယ်။

          ယေဘုယျအားဖြင့်တော့ ရောင်းဝယ်ဖောက်ကားမှုပြုနေတဲ့ ဈေးကွက်တစ်ခုရဲ့ သွင်ပြင် လက္ခဏာတစ်ခု က ရောင်းချသူတွေနဲ့ ဝယ်ယူသူတွေ များပြားစည်ကား နေရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဈေးကွက်အတွင်းမှာ ယှဉ်ပြိုင်ထုတ်လုပ်ရောင်းချသူ မည်သူမျှမရှိဘဲ တစ်ဦးတစ်ယောက်တည်းကသာ ထုတ်လုပ်ရောင်းချပြီး ထိုကုန်ပစ္စည်းများနဲ့ ပတ်သက်တဲ့ ဈေးကွက်ချုပ်ကိုင် လွှမ်းမိုးထားမှုများ ပေါ်ပေါက်နေတယ် ဆိုရင်တော့ ထိုဈေးကွက်ကို ယှဉ်ပြိုင်မှုများ ကောင်းမွန်ပြည့်စုံနေသော ဈေးကွက် (perfect competition) လို့ခေါ်ဆို၍ မရနိုင်ပါ။

          ယှဉ်ပြိုင်မှုများ ကောင်းမွန်ပြည့်စုံနေတဲ့ ဈေးကွက်ဆိုတာ ဘယ်လိုဈေးကွက်မျိုးဖြစ်မလဲ၊ ဘယ်လိုအချက် တွေရှိ နေရမလဲ ဆိုတာတွေကို သိဖို့လိုအပ်လာပြီ။ ကဲ ဒါဆို အနည်းငယ် လေ့လာကြည့်ကြရအောင်………

        စစ်မှန်ကောင်းမွန်သော ယှဉ်ပြိုင်မှု  (perfect competition) ဈေးကွက်ဟု ဆိုနိုင်ရန်-

          -        ထိုဈေးကွက်အတွင်း၌ ထုတ်လုပ်ရောင်းချသူ အမြောက်အများရှိနေရုံမျှမက ဝယ်ယူ စားသုံးသူ အရေအတွက်သည်လည်း အမြောက်အများရှိနေမှာဖြစ်ပါတယ်။

          -        ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းသည် ဈေးကွက်အခြေအနေအရ ဖြစ်ပေါ်လာသော ရောင်းလိုအားနဲ့ ဝယ်လိုအားအချိုးများအပေါ် မူတည်ပြီး  ရောင်ပြန်ဟပ်ပြောင်း လဲနေသော ဈေးနှုန်းတွေလည်း ဖြစ်ပေါ်နေရမယ်။

            -        တချို့သော ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုများရဲ့ ဈေးနှုန်းတွေဟာ အလွန်မြင့်မားနေမယ် ဒါမှမဟုတ် အရည်အသွေးညံ့နေမယ်ဆိုရင် စားသုံးသူတွေအနေနဲ့ ထိုကုန် ပစ္စည်းနှင့် ဝန်ဆောင်မှုတွေ အတွက် အစားထိုးအသုံးပြုနိုင်မဲ့ အခြားအလားတူ ကုန်ပစ္စည်းတွေလည်း ရရှိနိုင်တဲ့ ဈေးကွက် အခြေအနေတွေလည်း ဖြစ်ပေါ်နေရမယ်။

        -        အဆိုပါဈေးကွက် အတွင်းသို့ စီးပွားရေးလုပ်ငန်းအသစ်တစ်ခု စတင်ဝင်ရောက်လုပ်ကိုင်နိုင်မှုတွေ ဒါမှမဟုတ် လုပ်ငန်းရပ်ဆိုင်းထွက်ခွာသွားခြင်းများ  ပြုလုပ်နိုင်မှုတွေ စတာတွေကိုလည်း လွယ်ကူစွာဝင်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ ဈေးကွက်မျိုး ဖြစ်နေရမယ်။

          -        ထိုကဲ့သို့အသစ်ဝင်ရောက်လာသော လုပ်ငန်းအသစ်များသည်လည်း ဈေးကွက်အတွင်း ရှိပြီးသား အခြားစီးပွားရေးလုပ်ငန်းများကိုလည်း တရားမျှတစွာဖြင့် ယှဉ်ပြိုင်ဆောင်ရွက်နိုင် သည့်ဈေးကွက် အခြေအနေလည်း ဖြစ်ပေါ်နေရမယ်။

          -        ဈေးကွက်အတွင်းရှိ စီးပွားရေးလုပ်ငန်းများသည်လည်း ၎င်းတို့၏ ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှု များကို ရောင်းဝယ်ဖောက်ကားမှုများ ပြုတဲ့အခါမှာလည်း အကျိုးအမြတ်ကို သင့်တင့်ရုံ ၊ လုပ်ငန်း ဆက်လက်ရပ်တည်နိုင်ရုံ၊  အခြားအလား တူကုန်ပစ္စည်းများနှင့် ယှဉ်ပြိုင်ရောင်းချနိုင်ရုံ အတွက်သာ အနည်းငယ်ပဲယူပြီး ရောင်းချနေတဲ့ ဈေးကွက်မျိုးတွေ ဖြစ်နေမယ်။ ဘာလို့လဲ ဆိုတော့ ကုမ္ပဏီတစ်ခုက အမြတ်အများကြီးယူခဲ့မယ်ဆိုရင် အခြားကုမ္ပဏီတွေက သင့်တင့် သော ဈေးနှုန်းတွေနဲ့  သူတို့ရဲ့ ဝယ်ယူသူတွေ၊ ဈေးကွက်ဝေစုတွေကို ဝင်ရောက်လုယူ နိုင်သော ကြောင့်  ဖြစ်ပါတယ်။

          အလားတူ ကုန်ပစ္စည်း ဆိုတာကတော့ ပထမကုန်ပစ္စည်းတစ်ခုဟာ ဒုတိယကုန်ပစ္စည်း တစ်ခုနဲ့ ပုံသဏ္ဍာန်၊ ပါဝင်မှုပစ္စည်း၊ အသုံးပြုနိုင်မှုစသည်တို့ အားလုံးတူညီနေမယ်၊ ပထမတစ်ခု မရရှိနိုင်တဲ့အခါ၊ အဆင်မပြေသော အခါမျိုးမှာဆိုရင်လည်း ဒုတိယတစ်ခုအနေဖြင့် ပါဝင်သည့်အရာများ၊ ပုံသဏ္ဍာန်များ အားလုံး ထပ်တူထပ်မျှ မတူညီသော်လည်းပဲ ၎င်းအရာနှင့် အစားထိုး အသုံးပြုလို့လည်းရနေမယ်၊ ကုန်အမှတ် တံဆိပ်နှင့် ထုတ်လုပ် ရောင်းချသူ မတူညီသော်လည်း ထပ်တူနီးပါးမျှဆင်တူစွာ သုံးစွဲနိုင်မယ်၊ ဒီလိုကုန်ပစ္စည်းမျိုး ကို ဆိုလိုပါတယ်။

          အထက်မှာဖော်ပြထားတဲ့ အခြေအနေတွေအားလုံးနဲ့ ပြည့်စုံနေတဲ့ ဈေးကွက်ဖြစ်ပေါ်နေမည်ဆိုပါက အဆိုပါဈေးကွက်ကို စစ်မှန်ကောင်းမွန်သော ယှဉ်ပြိုင်မှုများ ဖြစ်ထွန်းပေါ် ပေါက်နေသော ဈေးကွက်လို့ ခေါ် ဆိုနိုင်ပါတယ်။

          သို့သော် ကမ္ဘာပေါ်မှာ ထိုကဲ့သို့သော စစ်မှန်ကောင်းမွန်သော ယှဉ်ပြိုင်မှုများ ဖြစ်ထွန်းပေါ်ပေါက်နေ သော ဈေးကွက်ဆိုသည်မှာ အလွန်ပင်ရှားပါးလွန်းလှပါသည်။ လက်တွေ့ကျင့်သုံး ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းများ ယှဉ်ပြိုင်ဆောင်ရွက်နေမှုများသည် စစ်မှန်ကောင်း မွန်သော ယှဉ်ပြိုင်မှုဈေးကွက် အခြေအနေများနှင့် အပြည့်အဝ ကိုက်ညီသော ဈေးကွက်များ မရှိ နိုင်လောက်အောင်ပင် အလွန်ရှားပါးသော် လည်း အချို့သောနိုင်ငံများရှိ ဈေးကွက်များသည် အနည်းနှင့် အများဆိုသလို ကိုက်ညီသော ဈေးကွက်များ လည်းရှိပါသည်။ အထူးသဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်ပြီး ယှဉ်ပြိုင်မှုဥပဒေနှင့် ကော်မရှင်ကို ကောင်းမွန်စွာ တည်ဆောက်နိုင်ပြီး  ခိုင်မာစွာ ထိန်းချုပ်နိုင်မှုရှိသော နိုင်ငံများတွင် အထက်ဖော်ပြပါ ဈေးကွက်အခြေအနေများကို အပြည့်အဝ မဟုတ်သည့်တိုင် အပြည့်အစုံနီးပါး ဖြစ်ထွန်းပေါ်ပေါက်နေသည့် ဈေးကွက်များတော့ ရှိပါတယ်။              ယှဉ်ပြိုင်မှုဥပဒေ  ပြဌာန်းနိုင်မှု မရှိသေးသော သို့မဟုတ် ယှဉ်ပြိုင်မှုဥပဒေကို ထိရောက်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်မှု မရှိသေးသော နိုင်ငံများရှိ စီးပွားရေးလုပ်ငန်း အများစုသည် ၎င်းတို့၏ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုများကို နည်းလမ်းပေါင်းစုံဖြင့် ကြော်ငြာခြင်း၊ ဈေးနှုန်းများကို အဆမတန်လျော့ချ၍သော် လည်းကောင်း၊ မသမာသည့် အရောင်းမြှင့်တင်မှု နည်းလမ်းမျိုးစုံဖြင့်လည်းကောင်း စားသုံးသူများကို ဆွဲဆောင်ခြင်းများကို ပြုလုပ်နေ ကြပါတယ်။

          ထိုသို့ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ - အခြားပြိုင်ဘက်တို့၏ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုများနှင့် မိမိတို့၏ကုန်ပစ္စည်းနှင့်  ဝန်ဆောင်မှုများကို စားသုံးသူများမှ ကွဲပြားခြားနား စွာ ပိုမိုသတိပြုဝယ်ယူလာစေရန်၊ သက်ဆိုင်ရာဈေးကွက်အတွင်း၌ မိမိတို့လုပ်ငန်း တစ်ခုတည်းက သော်လည်းကောင်း၊ မိမိတို့၏ လုပ်ငန်းစုက သော်လည်းကောင်း ဈေးကွက်ဝေစု အားလုံး သို့မဟုတ် အားလုံးနီးပါးကို ပိုင်ဆိုင်ရရှိနိုင်စေရန်၊ ဈေးနှုန်းများကို အဆမတန် လျော့ချခြင်းသည် အခြားလုပ်ငန်းများ ဈေးကွက်အတွင်း၌ တရားမျှတစွာ ယှဉ်ပြိုင်နိုင်မှု မရှိတော့ပဲ ထွက်ခွာသွားစေရန်နှင့် ထွက်ခွာသွားသည့်အခါမှ ဈေးနှုန်းများကို မိမိတို့တစ်ဦးတည်း သို့မ ဟုတ် တစ်ဖွဲ့တည်းမှ နှစ်သက်သလို လက်ဝါးကြီးအုပ်ချုပ်ကိုင်ဆောင်ရွက်ရန် စသည့် ရည်ရွယ် ချက်များဖြင့် လုပ်ကိုင်ဆောင်ရွက် နေကြခြင်း ဖြစ်ပါတယ်။ အမှန်တကယ်ကောင်းမွန်သော ယှဉ်ပြိုင်မှုဈေးကွက်ဆိုတာ လက်တွေ့ကမ္ဘာမှာ ကျင့်သုံးနိုင်ဖို့ဆိုသည်မှာ ကြိုးစားရှာဖွေရမည့် အိမ်မက်တစ်ခုပဲ ဖြစ်ပါတယ်။

 

                                                ဒေါက်တာစပယ်ကြည်မောင် (ယှဉ်ပြိုင်မှု)