ပရဆေးအမယ်စုံ တင်ပို့မှု ပိုမို
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ၂၀၁၅ ခုနှစ်၊ မတ်လ တတိယပတ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၇၂၉ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း တန်ချိန် ၁၁၈၇ တန်ကျော်ကို တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ပရဆေးအမယ် ၂၃ မျိုးကို ၉၀၁ တန်ကျော်သာ တင်ပို့ခဲ့တာမို့ ယခုတစ်ပတ် ၂၈၆ တန်ကျော် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ တင်ပို့ခဲ့တဲ့ အမယ်တွေကတော့ ချဉ်ပေါင်ဖာလာ(အခွံပါ။မပါ)၊ နေလဲစေ့၊ သီဟိုဠ်စေ့၊ မိချောင်းကွမ်းဖတ်စေ့၊ ကြက်ဆူစေ့၊ ကြောင်လျာစေ့၊ကြောင်ပန်းစေ့၊ ခပေါင်းစေ့၊ဆီးဆံ၊ ဆီးသီးခြောက်၊ ဝဥခြောက်၊ ချင်းခြောက်၊ ဖန်ခါးသီးခြောက်၊ လက်ပံပွင့်ခြောက်၊ တောချင်း၊တောဂျူးမြစ်၊ ဒရင်ကောက်မြစ်၊ ကွမ်းသီးခွံ၊ ကွမ်းစားဂမုန်း၊ မာလာဥ၊ မာလာဥခေါင်း၊ နနွင်းခေါင်း၊နနွင်းတက်၊ မန်ကျည်းသီးနဲ့ ရွေးရွက်တို့ဖြစ်ပါတယ်။မြန်မာ့ ပရဆေးကုန်ကြမ်းတွေကို တရုတ်နိုင်ငံမှာ လိုအပ်သလိုအသုံးပြုလို့ရတာကြောင့် ယခုလိုပုံမှန်တင်ပို့နေရတာဖြစ်ပါတယ်။
မော်မော်အောင် MIRT (DCCA)