ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)ဈေးတွင် စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်း

 

          ကုန်ပစ္စည်းထုတ်လုပ်ရောင်းချသူစီးပွားရေးလုပ်ငန်းရှင်များ၊ စားသုံးသူပြည်သူများ စားသုံးသူအကာ အကွယ်ပေးရေးဥပဒေကို သိရှိနားလည်စေရန်နှင့် ကုန်စည်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ဥပဒေ၏ အကာအကွယ်ပေးမှုများကိုခံစားရရှိစေရန်၊ အရည်အသွေး မမီသော စားသောက်ကုန်များကြောင့် စားသုံးသူ ပြည်သူများဘေးဥပဒ်အန္တရာယ် မဖြစ်စေရန်ရည်ရွယ်၍ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းသိန်းနှင့်အဖွဲ့သည် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ် (၂၀) ရပ်ကွက်ရှိ အမှတ်(၂) ဈေး၊ ဈေးတာဝန်ခံနှင့် တာဝန်ရှိသူများပူးပေါင်း၍ ၂၀၁၅ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် အမှတ်(၂)ဈေးရှိ ကုန်ပစ္စည်းရောင်းချ သည့်သူများအား ဈေးကော်မတီရုံးတွင်တွေ့ဆုံ၍ စားသုံးသူအကာအကွယ်ပေးရေး အကြောင်းသိကောင်းစရာများကို အသိပညာပေးခြင်းနှင့်  ဈေးအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးပညာပေးခြင်း များကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

        အဖွဲ့သည် ဈေးကော်မတီရုံး၌ ဈေးမိဈေးဖများ၊ စားသောက်ကုန်ပစ္စည်း၊ ဆေးဝါး၊ လူသုံးကုန်၊ အလှကုန် ပစ္စည်းရောင်းချသည့်သူများအား စားသုံးသူအကာအကွယ်ပေးရေးဥပဒေပြဌာန်းပြီး ဖြစ်၍ နယ်ပယ်အသီးသီးရှိ စားသုံးသူ၊ ထုတ်လုပ်ရောင်းချသူ စီးပွားရေး လုပ်ငန်းရှင်များအား အသိပညာပေးရေးလုပ်ငန်းများ လုပ်ဆောင်နေမှု အခြေအနေ၊ ကုန်ပစ္စည်းရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အခွင့်အရေး၊ တာဝန်နှင့် တားမြစ်ချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များသည် တစ်ဖက်တွင် စားသုံးသူများဖြစ်၍ စားသုံးသူ၏ အခွင့်အရေး နှင့် တာဝန်များ၊ စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းပြီးစီးမှု၊ စားသုံးသူများ၏ အမှန်တကယ်နစ်နာမှု၊ မကျေနပ်မှုများ ကို တိုင်ကြားနိုင်သည့် စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်း ထားမှုအခြေအနေ၊ ဈေးကွက် အတွင်း လုံခြုံစိတ်ချရမှုမရှိသည့် ထုတ်ကုန်များ တွေ့ရှိသည်ဟု သတင်းရရှိပါက ကွင်းဆင်းစစ်ဆေးခြင်း၊ ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းခြင်း တို့ဆောင်ရွက်မည့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ဆိုင်ရာ လုပ်ငန်းကော်မတီဖွဲ့စည်း ထားမှု အခြေအနေနှင့် စားသုံးသူ အကာအကွယ်ပေးရေးဥပဒေပါ သိသင့်သိထိုက်သည့်အချက်များအား အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပါသည်။

         ဆက်လက်၍ ဈေးအတွင်းရှိ စားသောက်ကုန်၊ ဆေးမျိုးစုံ၊ အလှကုန်၊ လူသုံးကုန်၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ရောင်းချလျက်ရှိသည့် ဆိုင်များသို့ကွင်းဆင်း၍ အသိပညာပေးရေး လုပ်ငန်းများဆောင်ရွက် ခဲ့ရာ စားသုံးသူများ နားမလည်ဖတ်ရှု၍ မရသော စာသားများဖြင့် ရေးသားထားပြီး ရက်လွန်နေသော မုန့်အချို့နှင့် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှ ရောင်းချရန် ခွင့်မပြုသော ကျင်းထုံအမှတ်တံဆိပ် ခြင်ဆေး တို့အား တွေ့ရှိခဲ့သဖြင့် ဆက်လက် ရောင်းချခြင်း မပြုရန် ဆွေးနွေးပြောကြားခဲ့ပြီး တရားဝင် မှတ်ပုံတင်ထားသော ကုန်ပစ္စည်းများ၊  စားသုံးရန်ရက်လွန်ခြင်း မရှိသော ကုန်ပစ္စည်းမျာနှင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး လတ်ဆတ်သန့်ရှင်းသော ကုန်ပစ္စည်းများကိုသာ ရောင်းချရန်တို့ကို စည်းရုံး ပညာပေး ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဈေးတွင် စားသောက်ကုန်၊ လူသုံးကုန်၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ အလှကုန်၊ ဆေးဝါးနှင့် ကုန်ပစ္စည်းမျိုးစုံရောင်းချသည့်ဆိုင်ခန်းများ စုစုပေါင်း(၇၁၈) ခန်းရှိကြောင်းသိရှိရပါသည်။

 

                                                                ချောဥမ္မာနိုင်( စားသုံးသူ )ရန်ကုန်