ဒူဘိုင်းမြို့တော်တွင်ပစ္စည်းအတုအပများ ဖမ်းဆီးရမိ

 

      အာရပ်စော်ဘွားများသမ္မတနိုင်ငံ၊ ဒူဘိုင်းမြို့ရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနမှ သိုလှောင်ရုံတစ်ခုအား ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ရာတွင် အလှကုန်အတုအပပစ္စည်းများဖြစ်သည့် ရေမွှေးနှင့် တစ်ကိုယ်ရေအလှပြင်ပစ္စည်း ဒူဘိုင်းငွေတန်ဖိုး ၄ ဒသမ ၆၄ သန်းခန့်ရှိသော ပစ္စည်းပေါင်း ၅၄၉၀ဝ၀ ခန့်ကို ဖမ်းဆီးရမိခဲ့ပါသည်။ အဆိုပါဦးစီးဌာနမှ ဉာဏပစ္စည်းအကာအကွယ်ပေးမှုဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ Ibrahim Behzad မှ ဖော်ပြပါ အလှကုန် အတုအပပစ္စည်းများသည် စားသုံးသူများအား ကျန်းမာရေး အန္တရာယ်ဖြစ်စေနိုင်ကြောင်း၊ နိုင်ငံ၏စီးပွားရေးနှင့် ကုန်သည်များ၊ စားသုံးသူများ၏ အကျိုးစီးပွားကိုလည်း ပျက်စီးစေနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ဖမ်းဆီးရမိ ခဲ့သောအလှကုန်ပစ္စည်းများတွင် နာမည်ကျော်နိုင်ငံတကာ အမှတ်တံဆိပ်ပေါင်း ၂၃ မျိုးခန့်ပါဝင်ပြီး ပစ္စည်း ၁၂၆၀ဝ၀ ခန့်မှာ ရေမွှေးအတုများဖြစ်ကာ ၄၂၃ ဝဝဝ ခန့်မှာအလှကုန်ပစ္စည်းများ ဖြစ်ကြပါသည်။

          စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနသည် ကုန်သွယ်မှုအမှတ်တံဆိပ်ပိုင်ရှင်များ သို့မဟုတ် ゞင်းတို့၏ ကိုယ်စားလှယ်များမှ တိုင်တန်းလာပါက ဒူဘိုင်းရှိသိုလှောင်ရုံများကို ဝင်ရောက်ဖမ်းဆီး လေ့ရှိပြီး ယခုဖမ်းဆီးမှု သည်လည်း အဆိုပါဦးစီးဌာန လက်အောက်ရှိ ဉာဏပစ္စည်းအကာအကွယ်ပေးမှုဌာန၊ စီးပွားရေးစေ့စပ်ညှိနှိုင်းမှုနှင့် စားသုံးသူအကာအကွယ်ပေးရေးဌာနခွဲမှ အမှတ်တံဆိပ်ပိုင်ဆိုင်သူများ၏ အခွင့်အလမ်းကို ကာကွယ်စောင့်ရှောက် ပေးရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနသည် ကုန်သွယ်မှုလိမ်လည်မှုများနှင့် ကုန်ပစ္စည်းအတုအပများ၏ ခြိမ်းခြောက်မှုကို တိုက်ဖျက်ရန်ပူးပေါင်းစစ်ဆေးသည့်လုပ်ငန်းများကို အရှိန်အဟုန် တိုးမြှင့်လျက် ဆောင်ရွက်သွား မည်ဖြစ်ပါသည်။ ဌာနမှ  ဒူဘိုင်းဈေးကွက်အား ပစ္စည်းအတုအပများမှ ကင်းဝေးရန် ကြိုးပမ်း အားထုတ်နေသည့် ကုန်သွယ်မှုအမှတ်တံဆိပ်ပိုင်ရှင်များ၏ ကြိုးပမ်းအားထုတ်မှုကိုလည်း ချီးမွမ်း ပြောကြားခဲ့ပါသည်။

          အရည်အသွေးမြင့်အတုအပပစ္စည်းများသည်မူလပစ္စည်းအစစ်အမှန်များနှင့်ထပ်တူနီးပါး ဆင်တူကြောင်း၊ အတုအပပစ္စည်းရောင်းချသည့် ကုန်သည်များသည် အတုအပပစ္စည်းများ ရောင်းချရာတွင် ငွေလက်ခံပြေစာ ပေးအပ်လေ့မရှိကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်ပစ္စည်းများဝယ်ယူ ရာတွင် ငွေလက်ခံပြေစာတောင်းဆို သင့်ကြောင်း နှင့် အာမခံလက်မှတ်ကိုလည်း ရယူသင့်ကြောင်း ဌာနမှပြောကြားခဲ့ပါသည်။ ဆက်လက်၍ဌာနမှ အတုအပပစ္စည်းများသည် ဈေးနှုန်းချိုသာသော်လည်း အန္တရာယ်များကြောင်း၊ အလှကုန်ပစ္စည်းအတုများသည် လူ့ကျန်းမာရေး ကိုထိခိုက်စေပြီး မော်တော်ကားအပိုပစ္စည်းအတုများသည်လည်း ယာဉ်မတော်တဆမှုများဖြစ်စေ ကြောင်း၊ ဆေးအတုများသည်လည်း လူ့အသက်ကို အန္တရာယ်ဖြစ်စေပြီး လျှပ်စစ်ပစ္စည်းအတုများသည်လည်း မတော်တဆမှုများ ဖြစ်စေနိုင်ကြောင်း၊ သို့ဖြစ်၍ တရားဝင်ရောင်းချခြင်းမရှိသော အတုအပပစ္စည်းများကို ဝယ်ယူမှုမပြုသင့် ကြောင်းနှင့် စားသုံးသူများအနေဖြင့် တိုင်တန်းလိုပါက Ahlan Dubai service 600-545-555 သို့မဟုတ် Sallaty app မှတစ်ဆင့်သို့မဟုတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာန၏ Twitter page မှလည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

 

                                                                မျိုးမျိုးထိုက်၊ စားသုံးသူရေးရာဌာနခွဲ