“စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့/ ဈေးကြီးသုံးခုတွင် စားသောက်ကုန်ပစ္စည်းများ Mobile Lab ဖြင့် ကွင်းဆင်းစစ်ဆေး “

   စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဈေးများတွင်  ရောင်းချလျှက်ရှိသော စားသောက်ကုန် ပစ္စည်းများအား စားသုံးသူပြည်သူများ အတွက် ဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်ပြီး စားသောက်ကုန် ပစ္စည်းများကို ဓါတု ဆေးဝါးများ ပါဝင်မှုရှိ/မရှိ၊ အစားအသောက်များတွင် အသုံးပြုသော ခွင့်ပြု ဆိုးဆေးများ ဟုတ်/မဟုတ် ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိပါသည်။

    ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် မုံရွာမြို့ပေါ်ရှိ ဈေးကြီးသုံးဈေးဖြစ်သော ချင်းတွင်းရတနာ ဈေး၊ မြသလ္လာဈေး၊ သီရိရတနာဈေးများသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူ ရေးရာဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဝန်ထမ်းများ၊ မုံရွာမြို့နယ် စည်ပင်သာယာ ရေးကော်မတီမှ ဝန်ထမ်းများ ပူးပေါင်းပြီး ဈေးတွင်ရောင်းချသည့် စားသောက်ကုန် ပစ္စည်းများအနက် စားသောက်ကုန်အမယ် (၁၃၇)မျိုးအား နမူနာကောက်ယူပြီး Mobile Lab ကားဖြင့် စစ်ဆေး ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်သည်ကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် (စီမံ/စီးပွား)ဝန်ကြီး ဦးစိန်မောင်း က လာရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် စေခဲ့ပါသည်။

     စစ်ဆေးချက်များအနက် စားသုံးရန်မသင့်သည့် စားသောက်ကုန် ပစ္စည်းများ၏ အဖြေများကို မကြာမီ ထုတ်ပြန်သွားမည် ဖြစ်ပါသည်။ စစ်ဆေးချက်များအနက် စားသုံးရန်မသင့်သည့် စားသောက်ကုန်များကိုFDA ဌာနက တရားဝင်ကြေညာသွားမည်ဖြစ်ကြောင်း သိရှိ ရပါသည်။ ဆက်လက်ပြီး စစ်ကိုင်းတိုင်း အတွင်းရှိ ရွှေဘိုမြို့နှင့် စစ်ကိုင်းမြို့ များသို့သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းပြီး ဆက်လက်စစ်ဆေး သွားမည်ဟုလည်း သိရှိရပါသည်။

                               ကေသီအောင် (စစ်ကိုင်း)