မန္တလေးတိုင်းဒေသကြီး ထုတ်ကုန်များလုံခြုံစိတ်ချရမှု ဆိုင်ရာလုပ်ငန်းကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

 

          မန္တလေးတိုင်းဒေသကြီး စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေး အဖွဲ့၏ လမ်းညွှန်မှုဖြင့် မန္တလေးတိုင်း ဒေသကြီးထုတ်ကုန်များ လုံခြုံစိတ်ချရမှု ဆိုင်ရာ လုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ၂၄ ရက်အင်္ဂါနေ့ နံနက် ၁၀ းဝ၀ အချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။

          ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ဆိုင်ရာ လုပ်ငန်းကော်မတီကို မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဌာနဆိုင်ရာများ၊ စားသုံးသူကိုယ်စားလှယ်များ၊ စီး ပွားရေး လုပ်ငန်းရှင်ကိုယ် စားလှယ်များဖြင့်ဖွဲ့စည်းပေးထားခြင်းဖြစ်သည်။၎င်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးစားသုံးသူ အငြင်းပွားမှုဖြေရှင်းရေး အဖွဲ့အတွင်းရေးမှူး၊ မန္တလေးတိုင်းဒေသကြီးထုတ် ကုန်များလုံခြုံစိတ်ချရမှု ဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

          လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်တွင်းရှိ ကုန်စည်များနှင့်ပြည်ပမှ ဝင်ရောက် လာသောကုန်စည် များလုံခြုံစိတ်ချ ရမှုရှိစေရေး၊ အာဆီယံနှင့်နိုင်ငံတကာ လုပ်ထုံး လုပ်နည်းနှင့် အညီ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို စံချိန်စံညွှန်း များနှင့်အညီ ထုတ်လုပ်ရောင်းချစေရေး အတွက် ကြီးကြပ်နိုင်ရေး၊ စားသုံးသူများ အနေဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို မှန်ကန်စွာရွေးချက် ဝယ်ယူနိုင်စေရန် အသိပညာပေးလုပ်ငန်း များဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို အဓိကထား၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည် ။၎င်းအပြင် ဈေးကွက် အတွင်းတားမြစ်စားသောက်ကုန်နှင့် အလှကုန်ပစ္စည်းများ၊ အရည်အသွေးအာမခံချက်မရှိသည့် လုံခြုံစိတ်ချ ရမှုမရှိသော ကုန်ပစ္စည်းများဈေးကွက် အတွင်း မရောင်းချစေရေး ကိစ္စရပ်များနှင့် အရင်းအမြစ် ဖြစ်သော ထုတ်လုပ်၊ ရောင်းချသူများအထိ လိုက်လံကြီးကြပ် စစ်ဆေး၍ လိုအပ်သည် များဆောင် ရွက်နိုင်ရေးတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

                                                                               

တင်ချစ်ကောင်း

                                                                                စားသုံးသူ (မန္တလေး)