တမူးနယ်စပ်ကုန်သွယ်မှုမှာ ကြုံတွေ့နေရသော ကုန်သွယ်မှုအတားအဆီးအပေါ် ဒေသဆိုင်ရာသက်ဆိုင်ရာအဖွဲ့အစည်းများ ညှိနှိုင်းဆောင်ရွက်ဖြေရှင်း

 

          မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့ရှိ ကုန်စုံပစ္စည်းများအား နမ့်ဖာလုံဈေးမှ တစ်ဆင့် လက်လီတင်ပို့ ရောင်းချခြင်းများအပြင် ရေထွက်ကုန်၊ စက်မှုကုန်ချော၊ လယ်ယာထွက်ကုန်ပစ္စည်းများကို နယ်စပ်အမှတ် (၁) ဂိတ်မှ တရားဝင်တင်ပို့လျက်ရှိပြီး နှစ်စဉ်တိုးတက်လျက်ရှိပါတယ်။ တမူးမှ တစ်ဖက်အိန္ဒိယနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာမှာ ကုန်သည်လုပ်ငန်းရှင်များ အဓိက ရင်ဆိုင်ကြုံတွေ့ရတဲ့ ကုန်သွယ်မှု အတားအဆီးတွေကတော့ တစ်ဖက်နိုင်ငံ မဏိပူရပြည်နယ်အတွင်းရှိ မြေအောက်လက်နက်ကိုင် အဖွဲ့အစည်းများက မိုရေး-အင်ဖာကုန်သွယ်မှု လမ်းကြောင်း အား မကြာခဏပိတ်ဆို့ခြင်း၊ ကုန်သွယ်မှု ယာဉ်များအား ဆက်ကြေးကောက်ခံခြင်း၊ ဆက်ကြေးမရရှိပါက ယာဉ်များအား မီးရှို့ဖျက်ဆီးခြင်း၊  ကုန်သည် များအား ဖမ်းဆီးခေါ်ဆောင်ခြင်း များမကြာ ခဏပြုလုပ်နေတဲ့ အတွက် ရက်ရှည် ကုန်သွယ်မှု ရပ်တန့်ခြင်းနဲ့ မကြာခဏ ကြုံတွေ့ရလျက် ရှိပါတယ်။ အဲလို ကုန်သွယ်မှု ရပ်တန့်သွားတဲ့ အချိန်များမှာ မိမိတို့ဘက် တရားဝင် တင်ပို့ရန် နယ်စပ် သို့ ရောက်ရှိပြီး ကုန်ပစ္စည်းများ တင်ပို့နိုင်ခြင်းမရှိတော့ဘဲ ယာဉ်စစ်ကွင်းရှိ ဂိုဒေါင်လေးလုံးနဲ့ မြို့တွင်း ရှိ ဂိုဒေါင်များမှာ သိုလှောင်ထားပြီး တစ်ဖက်နိုင်ငံအခြေအနေအား စောင့်ကြည့် နေကြရပါတယ်။  နယ်စပ်သို့ ရောက်ရှိပြီး ပို့ကုန်ပစ္စည်းများမှာ လယ်ယာထွက်ကုန် ပစ္စည်းပမာဏ အများအပြားဝင်ရောက် လေ့ရှိပြီး တစ်ဖက်နိုင်ငံ လမ်းပိတ်ဆို့မှုများနဲ့ ကြုံတွေ့ရချိန်မှာ ပစ္စည်းများ ပျက်စီးလေလွင့်မှုမ ရှိစေရေး နေလှန်းရခြင်း၊ အညံ့များ ရွေးထုတ်ရခြင်း၊ ပြန်လည် ထုတ်ပိုးခြင်းတို့ကို ဆောင်ရွက်ကြရပါတယ်။အချို့ ကုန်စည်များကို ပြန်လည် ထုတ်ပိုးပြုပြင်မှု မလုပ်နိုင်တဲ့အတွက် တန်ရာ တန်ကြေးမရရှိ ဘဲအနိမ့်ဈေးနဲ့ အရှုံးခံရောင်းချရမှု များလည်းရှိနေ ပါတယ်။

    ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှစပြီး ကုန်သွယ်မှုမှာ တစ်စထက်တစ်စ တိုးတက်လာပြီး လယ်ယာထွက်ကုန် ကွမ်းသီးအား မိမိတို့ဘက်က အဓိကထားတင်ပို့နေရတာဖြစ်ပါတယ်။ လယ်ယာထွက်ကုန် ပစ္စည်းတင်ပို့မှု ပမာဏများပြား လာတဲ့အချိန်မှာ တစ်ဖက်နိုင်ငံရဲ့ လမ်းပိတ်ဆို့မှုများကို မကြာခဏကြုံတွေ့နေရ တဲ့အတွက် ဂိုဒေါင်လိုအပ်ချက် များရှိလာရာ ၂၀၁၁ ခုနှစ် ဇန်နဝါရီလတွင် တမူးနယ်စပ် ကုန်သည်ကြီးများ အသင်းမှ သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဌာနများသို့ တင်ပြပြီး နယ်စပ်အမှတ် (၁)ဂိတ် အနီးရှ Town Plan အရ ကုန်သွယ်ရေး ဇုန်သတ်မှတ် ထား သည့်မြေနေရာတွင် ကော်မတီတစ်ခု ဖွဲ့စည်းကာ အများပိုင် ယာယီဂိုဒေါင်တစ်လုံး တည်ဆောက်ပေးထားပြီး ယာဉ်စစ်ကွင်း၌ အစစ်ဆေးခံပြီး သော်လည်း တစ်ဖက်နိုင်ငံသို့တင်ပို့နိုင်ခြင်းမ ရှိသေးသော ကွမ်းသီး များအား သိုလှောင် ထားရှိစေပြီး နေလှန်းခြင်း ၊အညံ့များရွေး ထုတ်ခြင်း၊ ပြန်လည် ထုတ်ပိုးခြင်းများကို ဆောင်ရွက်ခဲ့သည့် အတွက် ဈေးနှိမ် ခံရမူများ မဖြစ်တော့ဘဲ တန်ရာ တန်ကြေးဖြင့် ရောင်းချနိုင်ခဲ့ကာ အကျိုးအမြတ်များ ပိုမိုရရှိလာခဲ့ပါတယ်။  ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်ထက် လယ်ယာထွက် ကုန်ပစ္စည်းများ ပိုမိုတိုးတက်ကာ ဂိုဒေါင်များ ပိုမို လိုအပ်လာသည့်အတွက် နယ်စပ်ကုန်သည်ကြီး များအသင်းမှ ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်း များနှင့် သက်ဆိုင်ရာဌာနများသို့ တင်ပြညှိနှိုင်း၍ ယာယီ ဂိုဒေါင် ဆယ်လုံးခန့်အား ဂိတ် (၁)အနီး ကုန် သွယ်ရေးဇုန် လျာထားမြေနေရာတွင် ထပ်မံတည်ဆောက်ခဲ့ကြပါတယ်။  ထပ်မံတည်ဆောက်ခဲ့ ထားပြီးဖြစ်သော်လည်း၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် လယ်ယာထွက်ကုန်ပစ္စည်း ကွမ်းသီး တင်ပို့မှုမှာ ဧပြီလ မှ အောက်တိုဘာလအထိ တန်ချိန် ၁၅၀ဝ၀ ခန့် တင်ပို့နိုင်ခဲ့ပြီး၊၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် တစ်နှစ်လုံး တင်ပို့နိုင်သည့် ပမာဏထက် တန်ချိန် ၅၀ဝ၀ ကျော် ပိုမိုတင်ပို့လာနိုင်သည့်အတွက် ဂိုဒေါင်လိုအပ်ချက် မှာလည်း ပိုမိုလိုအပ်လျက်ရှိနေဆဲဖြစ်ပါတယ်။

       ထိုသို့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် လယ်ယာထွက်ကုန်ပစ္စည်းဖြစ်သော ကွမ်းသီးအား ပိုမိုတင်ပို့ လာနိုင်တဲ့အတွက် မိမိဘက်မှာ ဈေးကွက်ဖြစ်ပေါ်ပြီး ကြိုက်ဈေးဖြင့် ရောင်းချနိုင်ရေး၊ တစ် ဖက်နိုင်ငံရဲ့ လမ်းပိတ်ဆို့မှု အခြေအနေကြောင့် သိုလှောင်ထားရှိရာတွင် ပျက်စီးလေလွင့်ဆုံးရှုံး မှုမဖြစ်ပေါ်စေရေး၊ မိမိဘက်မှ ဈေးကွက် အသာစီးရရှိရေးနဲ့ ကြိုက်ဈေးဖြင့် ထိန်းချုပ်ရောင်း ချနိုင်ရေး တို့အတွက် တမူးနယ်စပ် ကုန်သွယ်ရေး စခန်းတာဝန်ခံမှ မြေပြင်အခြေအနေ များအား လေ့လာပြီး အမှန်တကယ်ဂိုဒေါင် တည်ဆောက် ရန်လိုအပ်နေတဲ့ ကုန်သည်များ အတွက် Town Plan အရ ကုန်သွယ်ရေးဇုန် လျာထားမြေ နေရာ ဖြစ်တဲ့ ကံကြီးဝလမ်းနှင့် နယ်စပ်လမ်း (ဒေသအခေါ် ဗိုလ်နိုင်ဝင်းလမ်း) အကြား မြေနေရာမှာ ယာယီဂိုဒေါင်များ ထပ်မံတည်ဆောက်နိုင်ရေးအတွက် သက်ဆိုင် ရာခရိုင်အုပ်ချုပ်ရေးမှူးထံ တင်ပြပြီး ခရိုင်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နယ်စပ်ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူများနှင့် တမူး နယ်စပ် ကုန်သွယ်ရေးစခန်း အစည်းအဝေးခန်းမတွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး ယာယီဂိုဒေါင်များ စနစ်တကျ ထပ်မံတည်ဆောက်နိုင်ရေး Town Planအရ ကုန်သွယ်ရေးဇုန်လျာ ထားမြေ နေ ရာဖြစ်သည့် အတွက် သက်ဆိုင်ရာဒေသ အုပ်ချုပ်ရေးအဖွဲ့မှ ဖျက်သိမ်းခိုင်းပါက ချက်ချင်းဖျက်သိမ်း မည်ဖြစ်ကြောင်း ခံဝန်ကတိအား မြို့နယ်အုပ်ချုပ်ရေးမှူးထံတွင် လက်မှတ်ရေးထိုး ထားရှိရေး၊ ၎င်းယာ ယီ ဂိုဒေါင်များတွင် တရားမဝင်အကောက်ခွန်မဲ့ပစ္စည်းများသိုလှောင်ထားရှိမှုမရှိစေရေး၊ လိုအပ်ပါက MobileTeamအဖွဲ့များမှ ဝင်ရောက် စစ်ဆေးမည်ဖြစ်ပြီး စစ်ဆေးခံနိုင်ရန် စာရွက်စာတမ်း အထောက်အထားအား စနစ်တကျထားရှိရေး၊ မီးဘေးလုံခြုံရေးအတွက် မီးသတ်ရေကန်များ၊ ရေပုံးများစနစ်တကျထားရှိရေး၊ ညပိုင်းတွင် ကုန်ပစ္စည်းများ ပျောက်ဆုံးမှုမရှိစေရေးနှင့် လုံခြုံရေးအတွက် လုံခြုံရေးဝန်ထမ်းများ စနစ်တကျ ထားရှိရေးတို့အား ဆွေးနွေး ဆုံးဖြတ်ခဲ့ပြီး ဂိတ်(၁) အနီးရှိ ယာယီဂိုဒေါင်များ ဆောက်လုပ်မည့်မြေနေရာအား ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မြေစာ ရင်းဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိတို့မှ  ကွင်းဆင်းတိုင်းတာ ကြည့်ရှုစစ်ဆေးပြီး မြေနေရာသတ်မှတ်ပေးကာ ဂိုဒေါင်နှစ်ဆယ်လုံးအား ထပ်မံတည်ဆောက်ခွင့်ပေးခဲ့ပါတယ်။

       ယာယီဂိုဒေါင်များ ထပ်မံ တည်ဆောက်နိုင်ရေး ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းများနဲ့ သက်ဆိုင်ရာ ဌာနများမှ စီမံဆောင်ရွက်ပေး ခဲ့တဲ့အတွက် လက်ရှိအခြေ အနေတွင် တစ်ဖက်နိုင်ငံအတွင်း လမ်းပိတ်ဆို့ သည့်အချိန်များ၌ မိမိတို့ဘက်မှ ပို့ကုန် ပစ္စည်းများအား ပျက်စီးလေလွင့် မှုမရှိစေရေး ပြန်လည်ထုတ်ပိုး ပြင်ဆင်နိုင်ခြင်း၊ နယ်စပ်အနီးတွင် တစ်ဖက်နိုင်ငံမှ လာရောက်တဲ့ ကုန်သည်များ အား ဈေးပြိုင်စနစ်ဖြင့်  ရောင်းချနိုင်ခြင်း၊ ဈေးကွက် အသာစီးရရှိခြင်းတို့ကြောင့် ပို့ကုန်၊သွင်းကုန် လုပ်ငန်းလုပ်ကိုင်နေသော ကုန်သည် လုပ်ငန်းရှင်များ အနေဖြင့် အကျိုးအမြတ် ပိုမိုရရှိကာ မိမိကုန် ပစ္စည်းအား ကြိုက်ဈေးဖြင့် ထိန်းချုပ် ရောင်းချနိုင်နေ ပြီဖြစ်ပါတယ်။

    တမူးနယ်စပ်ကုန်သွယ်ရေးစခန်း OSS အဖွဲ့အနေဖြင့် ကုန်သည် လုပ်ငန်းရှင်များရဲ့ အခက်အခဲများ အားနေ့စဉ် OSS အစည်း အဝေးများနဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးများတွင် ပေါင်းစပ် ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်ပေး လျက် ရှိတဲ့အပြင် ပို့ကုန် ပစ္စည်းများ အား မိမိတို့ဘက်မှ ကုန်သည် လုပ်ငန်းရှင် များရဲ့စီမံခန့်ခွဲမှုအောက်တွင် ဈေးကွက်ဖြစ်ပေါ်စေရေးတို အတွက် စဉ်ဆက်မပြတ်လေ့ လာစောင့် ကြည့်၍ ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ သက်ဆိုင် ရာဌာနများနဲ့ လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရပါတယ်။

          တမူးနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ငါးနှစ်အတွင်း ကုန်သွယ်မှုပမာဏကို ကြည့်လျှင် ပို့ကုန်အသာစီး ရလျက်ရှိတဲ့အပြင် ကုန်သွယ်မှု ၆ ဆကျော်တိုးတက်လာတာတွေ့ရပါတယ်-

                                                                                ကန်ဒေါ်လာသန်း

             ကာလ                 ပို့ကုန်         သွင်းကုန်             ကုန်သွယ်မှုပမာဏ

          ၂၀၁၀-၂၀၁၁            ၅.၆၁၉           ဝ.၅၅၄                              ၆.၁၇၃

          ၂၀၁၁-၂၀၁၂            ၄.၅၅၀           ၂.၆၀၉                              ၇.၁၇၀

          ၂၀၁၂-၂၀၁၃            ၁၆.၆၇၃        ၇.၂၇၀                              ၂၃.၉၄၃

          ၂၀၁၃-၂၀၁၄            ၂၀.၃၆၇        ၁၀.၄၇၈                           ၃၀.၈၄၅

          ၂၀၁၄-၂၀၁၅            ၂၇.၃၆၃        ၉.၉၉၈                              ၃၇.၁၆၁

          (ဧပြီလမှ ဇန်နဝါရီလထိ)

                                                           

     နေထက်မင်း (တမူး)