မိမိဘက်ဈေးကွက် ရရှိစေတဲ့ နမ့်ဖာလုံဈေး

 

    မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်မှာ ၁၉၇၇ ခုနှစ်မတိုင်မီ အချိန်များက ဒေသထွက်ကုန်များနဲ့ မုံရွာ၊ မန္တလေးတို့က တစ်ဆင့် ဝယ်ယူရောင်းချတဲ့ကုန်ပစ္စည်းများ တစ်ဖက်နိုင်ငံ မိုရေးနယ်စပ်မြို့ရှိ ဒေသအခေါ် မြန်မာဈေးကို ညအိပ် ညနေသွားရောက်ရောင်းချခဲ့ကြရပါတယ်။ ဒီလိုရောင်းချနေရတဲ့အတွက် ဆိုင်ခန်း/ ဂိုဒေါင်များ ငှားရမ်းရခြင်း၊ ပစ္စည်းရောင်းချရာမှာ အထက်စီးနဲ့ဆက်ဆံမှုကို ခံရခြင်း၊ ငွေကြေးလဲလှယ် မှုမှာ ဈေးကစားခံရခြင်း၊ ကြိုက်ဈေးနဲ့ ရောင်းချမရတဲ့အတွက် အကျိုးအမြတ် နည်းပါးခြင်း၊လူမှုရေးပြဿနာများ ဖြစ်ပွားခြင်း၊ တစ်ဖက်အကောက်ခွန်ဌာနကလည်း တရားမဝင် ဝင်ရောက်ရောင်းချတယ်ဆိုပြီး ဖမ်းဆီးမှုများ ပြုလုပ်ခြင်း၊ တရားမဝင်မြေအောက်အဖွဲ့အစည်းများက ဆက်ကြေးကောက်ခံခြင်း၊ ဆက်ကြေး မရရှိပါက ကုန် ပစ္စည်း များအား ဖျက် ဆီးခြင်းတို့ပြုလုပ်ခဲ့တဲ့အတွက် မိမိတို့ ဘက်မှ သွားရောက်ရောင်းချတဲ့ ကုန်သည်များ အနေနဲ့ များစွာဆုံးရှုံးနစ်နာခဲ့ရပါတယ်။ တစ်ဖက်နိုင်ငံသို့ သွားရောက်ရောင်းချရာမှာ မိမိဘက်မှ ဈေးသည်/ကုန်သည်များ ရင်ဆိုင်ရတဲ့ ထို အခက် အခဲ များ ကိုဒေသ အုပ်ချုပ်ရေး အဖွဲ့အစည်းများနဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတို့မှ တာဝန်ရှိသူများက အထက်အဆင့်ဆင့်သို့တင်ပြကာ မိမိတို့ဘက်က ရောင်းချတဲ့ကုန်ပစ္စည်းများ မိမိဘက်မှာ ဈေးကွက်ဖြစ်ပေါ် စေရေး၊ ကုန်သည်များလုံခြုံစိတ်ချစွာရောင်းချနိုင်ရေး၊ အ ကျိုး အမြတ် ပိုမို ရ ရှိစေရေး နဲ့ နိုင်ငံတော်မှ အခွန်အခများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ၁၉၉၆ ခုနှစ် ဇွန်လလည်ခန့်ကစပြီး တစ်ဖက်နိုင်ငံ မိုရေးမြို့နဲ့ ကပ်လျက် တမူးဘက်ခြမ်းမှာ နမ့်ဖာလုံဈေးအား စတင်တည်ဆောက်ပြီး ၁၉၉၇ ခုနှစ် မတ်လဆန်းမှာ ဖွင့် လှစ်နိုင်ခဲ့ပါတယ်။ နမ့်ဖာလုံဈေးဖွင့်လှစ်ပြီးနောက် တစ်ဖက်နိုင်ငံသို့ သွားရောက် ရောင်းချနေရတဲ့ဈေးသည်/ ကုန်သည်များအား နမ့်ဖာလုံဈေးမှာ ရောင်းချနိုင်အောင် စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ထိုသို့ မိမိနိုင်ငံဘက်မှာ နယ်စပ်ဈေး ဖွင့်လှစ်ရောင်း ချနိုင်ခဲ့တဲ့ အတွက် ဈေးသူဈေးသားများ အနေနဲ့ လုံခြုံစိတ်ချစွာ ရောင်းချ နိုင်ခြင်း၊ မိမိဘက်ဈေးကွက်ဖြစ်ပေါ်၍ တန်ရာတန်ကြေးနဲ့ ရောင်းချနိုင်သဖြင့် အကျိုးအမြတ် ပိုမို ရရှိကြောင်း၊ ငွေကြေးလဲလှယ်မှုမှာဈေးကစားမှု နည်းပါးလာကြောင်း၊  တစ်ဖက်နိုင်ငံမှ ဈေးဝယ်သူများ လာရောက်ဝယ်ယူမှု ကြောင့် စားသောက်ဆိုင်လုပ်ငန်း၊ လက်ဖက်ရည်ဆိုင်လုပ်ငန်းများလည်း အဆင်ပြေစွာ ရောင်းချလာနိုင် ကြောင်း၊ အကျိုးအမြတ်ပိုမိုဖန်တီးပေးနိုင်တဲ့အပြင် တမူးနယ်စပ်နေပြည်သူများလည်း စိတ်အေးချမ်းသာစွာနဲ့ စီး ပွားရေး လုပ်ကိုင် လာနိုင်ခဲ့ကြောင်း၊  နမ့်ဖာလုံဈေးစတင်တည်ဆောက်စဉ်က ဆိုင်ခန်းပေါင်း ၂၈၀ ရှိခဲ့ပြီး ယခုအခါ ဆိုင်ခန်းပေါင်း၁၃၀ဝ ကျော်အထိ တိုးချဲ့ ဖွင့်လှစ်လာနိုင်ကာဈေး အတွင်းမှာ နေ့စဉ် ဈေးရောင်းချတဲ့ ဈေးသူဈေးသားများ၊ အရောင်း စာရေးဝန်ထမ်းများနဲ့ ကုန်တင်ကုန်ချ အလုပ်သမားများ အပါအဝင် စုစုပေါင်း ၂၅၀ဝ ခန့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။ တစ်ဖက်နိုင်ငံက နေ့စဉ် လာရောက်ဈေးဝယ်သူဦးရေဟာလည်း ဈေးစတင်ဖွင့်လှစ်စဉ်က ၃၀ဝ ခန့် ရှိပြီး ယခုအခါ ၇၀ဝ ခန့်ထိ တိုးလာ သလို အရောင်း အဝယ်ဖြစ် တဲ့ ငွေကြေးပမာဏဟာလည်း စဖွင့်စဉ်က ကျပ်သိန်း ၁၀ဝ ခန့်ရှိရာမှ ယခုအခါ ကျပ်သိန်း  ၂၅၀  ကျော်ထိရောင်းချလာနိုင်ပြီဖြစ်ပါတယ်။ နမ့်ဖာလုံ ဈေးကို တစ်ဖက်နိုင်ငံမှသာမက ကလေး၊ ကလေးဝနဲ့ အခြားမြို့ နယ် များ မှ လည်း နေ့စဉ် လာရောက်လည်ပတ် ဝယ်ယူသူများနဲ့ စည်ကားလျက်ရှိတဲ့ တမူးမြို့ရဲ့ မြို့ဂုဏ်ဆောင်ဈေးတစ်ခုအဖြစ် ရပ်တည်လျက်ရှိနေပြီဖြစ် ကြောင်း မြို့ဂုဏ်ဆောင်တဲ့ နမ့်ဖာလုံဈေးအကြောင်း သိရှိနိုင်စေရန် မျှဝေပေးလိုက်ရပါတယ်။

                                                                        နေထက်မင်း (တမူး)